အီရန် ရေနံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ အမေရိကန် ရုတ်သိမ်း

ဝါရှင်တန်၊ မတ် ၂၁

အီရန်စစ်ပွဲကြောင့် စွမ်းအင် ဈေးကွက်တွေအပေါ် ရိုက်ခတ်မှုတွေကို ခက်ခက်ခဲခဲ ထိန်းသိမ်းနေရချိန် အမေရိကန်က အီရန် ရေနံ တချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်ပါတယ်။

လက်ရှိ ပယ်လယ်ရေပြင်မှာ ပိတ်မိနေတဲ့ အီရန် ရေနံတွေကို ကာလတို ရောင်းချခွင့် ပြုကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်စ်ဆန့်က ကြေညာလိုက်တာပါ။

ဒီလုပ်ရပ်က အမေရိကန်ရဲ့ ကာလကြာရှည် ထားရှိခဲ့တဲ့ မူဝါဒကို သိသိသာသာ ပြောင်းပြန်လှန်လိုက်တာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ကြောင့် ကမ္ဘာ့လောင်စာဈေးနှုန်းအပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပေမယ့် အကန့်အသတ်နဲ့ပဲ ရှိမယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် အီရန်အစိုးရအတွက် ရန်ပုံငွေတွေ ပိုမို ရရှိစေမှာလည်း ဖြစ်ပါတယ်။

စစ်ပွဲကြောင့် သင်္ဘောလမ်းကြောင်းနဲ့ လောင်စာ ထုတ်လုပ်မှုအပေါ် ထိခိုက်မှုတွေ ရှိနေချိန်မှာ ကမ္ဘာတဝှမ်း လောင်စာ ဈေးနှုန်းတွေ ခေါင်ခိုက်နေပါတယ်။

လက်ရှိ သင်္ဘောတွေပေါ်မှာ တင်ထားပြီးဖြစ်တဲ့ အီရန်က ထွက်တဲ့ ရေနံစိမ်းနဲ့ ဓာတ်ဆီ ထုတ်ကုန်တွေကို အတိုင်းအတာ တစ်ခုအထိ ရောင်းချခွင့် ပြုကြောင်း ဝန်ကြီး ဘတ်စ်ဆန့်က မတ် ၂၀ ရက်မှာ ပြောပါတယ်။

ဒီခွင့်ပြုမှုဟာ ဧပြီ ၁၉ ရက်နေ့အထိ အသက်ဝင်မှာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဖြည့်စွက် ပြောထားပါတယ်။

ဒီလုပ်ရပ်ကြောင့် ရေနံစည်ပေါင်း သန်း ၁၄၀ လောက် ဈေးကွက်ထဲကို ရောက်ရှိလာမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ဆိုပါတယ်။

စစ်ပွဲ မတိုင်ခင်က အီရန် ရေနံတွေကို တရုတ်က အဓိက ဝယ်ယူနေခဲ့တာ ဖြစ်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် တရုတ်က လျှော့ဈေးနဲ့ များများ ဝယ်ယူနေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က အခုလို လုပ်ဆောင်လိုက်တာကြောင့် အိန္ဒိယ၊ ဂျပန်နဲ့ မလေးရှားတို့လို ရေနံ လိုအပ်နေတဲ့ တခြားနိုင်ငံတွေအတွက် ထောက်ပံ့မှုတွေ ပိုမိုရရှိဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်သလို တရုတ်အနေနဲ့လည်း ပေါက်ဈေးအတိုင်း ပေးဝယ်ရတော့မှာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ ရေနံ ရောင်းချမှုကနေ အီရန် အစိုးရ ရန်ပုံငွေ ရရှိမှုကို ဘယ်လို တားဆီးမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ သူက ထုတ်မပြောပါဘူး။

အမေရိကန်ရဲ့ လုပ်ရပ်ဟာ သက်ရောက်မှုတွေကို ပျောပြောင်းသွားအောင် လုပ်ဆောင်မှုသာ ဖြစ်ပြီး ကြာရှည်ခံမှာ မဟုတ်ဘူးလို့ ရေလမ်းကြောင်း အရေးယူ ပိတ်ဆို့မှုဆိုင်ရာ ကျွမ်းကျင်သူ ဒေးဗစ် တန်နင်ဗန်းက ပြောပါတယ်။

အီရန်အနေနဲ့ ရေနံ ရောင်းချမှုက ရရှိတဲ့ ငွေတွေကို စစ်ပွဲအတွက် အသုံးပြုလာနိုင်ခြေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ သမ္မတ ဒေါ်နယ် ထရန့်က ရှင်းရှင်းလင်းလင်း မပြောဘဲ ဈေးနှုန်း ထိန်းသိမ်းရေး မိမိတို့ လုပ်စရာရှိတာ လုပ်မှာပဲလို့ ပြောထားပါတယ်။

ဒါပေမဲ့ အီရန် ရေနံ ရောင်းချမှုအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ဖြေလျှော့ ပေးလိုက်ပေမယ့်လည်း ဈေးနှုန်းအပေါ် သက်ရောက်မှု များများစားစား ရှိမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လက်ရှိ အရှေ့အလယ်ပိုင်း စစ်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုမို မြင့်တက်လာနေပြီး ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ သဘောနဲ့ အဓိက သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာ နေရာကို တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာကြီးရဲ့ စွမ်းအင် ထုတ်ုလပ်နိုင်မှု နှစ်များစွာကြာ လျော့ကျသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.