သမ္မတရွေးချယ်ဖို့ အစုအဖွဲ့အစည်းအဝေးတွေကို တပ်မတော် နေ့အလွန်မှာ စတင်ကျင်းပမယ်

နေပြည်တော် ၊ မတ် ၂၁

နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ အစုအဖွဲ့အစည်းအဝေးတွေကို လာမယ့် တပ်မတော်နေ့အလွန် မတ် ၃၀ ရက်နေ့မှာ စတင်ကျင်းပမယ်လို့ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကြေညာပါတယ်။

စစ်ကော်မရှင်က ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တတိယကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ခေါ်ယူကာ ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌတွေ ရွေးချယ်မှုအပြီး မတ် ၂၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပလာတာပါ။

တတိယကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့မှာ သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ရွေးကောက်တင်မြှောက်နိုင်ရေး အစုအဖွဲ့အစည်းအဝေး စတင်ကျင်းပမယ့်ရက်ကို လွှတ်တော်နာယကဖြစ်တဲ့ ဦးအောင်လင်းဒွေးက ကြေညာခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ အရ နိုင်ငံတော်သမ္မတရွေးချယ်ဖို့ သမ္မတရွေးချယ်ရေးအဖွဲ့နဲ့ တင်မြှောက်ရမှာဖြစ်လို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့နဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

အဲဒီအစုအဖွဲ့သုံးဖွဲ့က ဒုတိယ သမ္မတလောင်း သုံးဦးကို ရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော် နာယကထံ အမည်စာရင်းတင်ပြရမှာပါ။ အဲဒီကနေတဆင့် ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲပေးစနစ်နဲ့ သမ္မတကို ရွေးချယ်တင်မြှောက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်နာယကက တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေကို ဖွဲ့စည်းခဲ့တာပါ။

လာမယ့် မတ် ၃၀ ရက်နေ့မှာ အစုအဖွဲ့သုံးဖွဲ့ကနေ ဒုတိယသမ္မတလောင်း တစ်ဦးစီကို ရွေးချယ်တင်မြှောက်နိုင်ဖို့ အစည်းအဝေးတွေကို သတ်မှတ်တဲ့နေရာတွေမှာ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီနေ့ရက်ဟာ သမ္မတလုပ်မယ်လို့ အများက ထင်ကြေးပေးနေကြတဲ့ အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လာတာ ၁၅ နှစ် တိတိပြည့်မြောက်တဲ့ နေ့လည်း ဖြစ်ပါတယ်။

တစ်ဘက်မှာ နိုင်ငံတော် သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေအဖြစ် ရွေးချယ်ခံရသူက နိုင်ငံ့ဝန်ထမ်းဖြစ်ရင် တင်မြှောက်ခံရတဲ့နေ့ကစတင်ကာ နုတ်ထွက်ပြီး ဒါမှမဟုတ် အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရမယ်လို့ ဖွဲ့စည်းပုံမှာ ဖော်ပြထားတာပါ။

ပြည်ထောင်စုလွှတ်တော်မှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ် ၄၂၀ ဦးအပြင် ရွေးကောက်ပွဲဝင်စရာမလိုတဲ့ တပ်ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း ၅၈၆ ဦး ရှိတဲ့အတွက် သမ္မတဖြစ်ဖို့ ၂၉၄ မဲ ရဖို့ လိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.