မွန်မှာ စက်သုံးဆီဈေး ဆက်တိုက်ထိုးတက်လာ

မော်လမြိုင် ၊ မတ် ၂၁

မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ တခြားဒေသတွေထက် စက်သုံးဆီ ဈေးနှုန်း အ ဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၂၉၅၅ ကျပ်၊ 92 ဓာတ်ဆီ တစ်လီတာ ၂၈၇၅ ကျပ်၊ ပရီမီယံ ဒီဇယ်ဆီ တစ်လီတာ ၃၄၁၀ ကျပ်သာ ဈေးရှိခဲ့တာပါ။

ဒါပေမယ့် မတ်လ ၂၀ ရက်နေ့မှာတော့ 95 ဓာတ်ဆီ တစ်လီတာ ကျပ် ၃၉၅၅ ကျပ်၊ 92 ဓာတ်ဆီ တစ်လီတာ ကျပ် ၃၇၆၅ ကျပ်၊ ပရီမီယံ ဒီဇယ်ဆီ တစ်လီတာကို ၅၀၄၅ ကျပ်အထိ ဈေးနှုန်း ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

စက်သုံးဆီ ဈေးနှုန်းဟာ တစ်ပတ်အတွင်းမှာပဲ တစ်လီတာကို ကျပ် ၁၀၀၀ ကနေ ၁၅၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

စက်သုံးဆီ လုပ်ငန်းရှင် တစ်ဦးကတော့ ဒေသတွင်းမှာ စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာရတာဟာ မြန်မာပြည် ဈေးနှုန်းနဲ့ မဆိုင်ဘဲ ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကမ္ဘာ့ ဈေးနှုန်းနဲ့ပဲ ဆိုင်တယ်။ ကမ္ဘာ့ ဈေးနှုန်း တက်ရင်တော့ တက်မှာပဲပေါ့။ ဒီက ဝယ်တဲ့သူက သူတို့ အစိုးရရဲ့ ခွင့်ပြု ထားတဲ့ တွက်ချက်မှု ပုံစံ ရှိတယ်လေ။ ပြင်ပမှာ ပေါက်နေတဲ့ ဈေးက စင်ကာပူ ဈေးနှုန်းပေါ့လေ။စင်ကာပူ ဈေးနှုန်းက တက်ရင် အဲဒီတက်တဲ့ အတိုင်းကို တွက်ချက် တာပေါ့။ ဒါကတော့ မြန်မာပြည် ဈေးနှုန်းနဲ့ မဆိုင်ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ အီရန် စစ်ပွဲ အခြေအနေအရ စက်သုံးဆီသင်္ဘောတွေကို လွတ်လပ်စွာ သွားလာခွင့် မပြုသေးတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ စက်သုံးဆီ ရှားပါးကာ ဈေးနှုန်း ထက်တက် လာနိုင်တဲ့ အလားအလာ ရှိနေပြီး စစ်ပွဲတွေ ပြီးဆုံးမှသာ စက်သုံးဆီ ဈေးနှုန်း ပြန်ကျလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်းမှာတော့ စက်သုံးဆီဈေးနှုန်းကြီးမြင့်လာမှုနဲ့အတူ ဝယ်ယူရအခက်အခဲတွေကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ ကနေ ကျပ် ၁၅၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ ဖြစ်ပေါ်နေပေမယ့် မြန်မာနိုင်ငံမှာ အရန်ဆီ ရက် ၄၀ စာ ရှိကြောင်းနဲ့ ဝယ်ယူထားတဲ့ စက်သုံးဆီ သဘောၤ ၁၉ စင်းရှိတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ ပြောဆိုထားပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ် ရေနံထွက် ပစ္စည်း ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာနကတော့ စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီ ဈေးနှုန်းတွေကို မြှင့်တင် ရောင်း ချတာတွေ လုံးဝမလုပ်ဖို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.