ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးစန်းကို ရွေးချယ်ခံရ

ဘားအံ၊ မတ် ၂၀

စစ်ကော်မရှင်ရဲ့ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီက ဦးစန်းကို ရွေးချယ်ခံရပါတယ်။

ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ဘားအံမြို့နယ်ရှိ ကရင်ပြည်နယ် လွှတ်တော်မှာ လွှတ်တော် အကြီးအကဲတွေကို ခန့်အပ်ခဲ့တာပါ။

ဒီအစည်းအဝေးမှာ သဘာပတိအဖြစ် လက်ရှိဝန်ကြီးချုပ် ဦးစောမြင့်ဦးက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစန်းကို၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအေးမင်းထွေးတို့က ရွေးချယ်တင်မြှောက်ခံရတာပါ။

ပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရတဲ့ ဦးစန်းကိုဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က ဖြစ်ပြီး ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှာ အတွင်းရေးမှူးဖြစ် တာဝန်ယူထားပါတယ်။

ဒါ့အပြင် ဦးစန်းကိုဟာ ကရင်ပြည်နယ်စစ်ကော်မရှင်အဖွဲ့မှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ တာဝန်ယူထားသလို စစ်ကော်မရှင်က ချီးမြှင့်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်း ရရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော်ဒုဥက္ကဌနေရာမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးအေးမင်းထွေးကတော့ မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကဖြစ်ပါတယ်။

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌအဖြစ် ရွေးချယ်ခံရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးစန်းကိုနဲ့ ဦးအေးမင်းထွေးတို့ဟာ စစ်ကော်မရှင်ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာမဲဆန္ဒနယ်တွေကနေ အနိုင်ရရှိထားသူတွေဖြစ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.