မော်လမြိုင်၊ မတ် ၂၀
မွန်ပြည်နယ်မှာ စက်သုံးဆီ ပြတ်လပ်လာတာကြောင့် မြို့နယ်ချင်းဆက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစု နေ့စဉ် မပြေးဆွဲနိုင်တော့ဘူးလို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြို့နယ်ချင်းဆက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစုဟာ စက်သုံးဆီ ပြတ်လပ်လာမှုနဲ့အတူ ဝယ်ယူရ အခက်အခဲတွေကြောင့် တစ်ပတ်လျှင် နှစ်ရက်လောက်သာ ပြေးဆွဲရတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။
စက်သုံးဆီ ဝယ်ယူရာမှာလည်း စစ်ကော်မရှင်ရဲ့ စုံမယာဉ် စနစ် သတ်မှတ်ချက်တွေကြောင့် တစ်ရက်ခြား ဝယ်ယူနေရပြီး တချို့ရက်တွေမှာ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီ ကုန်သွားတဲ့အတွက် အချိန်ကုန် လူပန်းနေရတယ်လို့ ဆိုပါတယ်။
စက်သုံးဆီ အခက်အခဲတွေကြောင့် ယာဉ်စီးခတွေလည်း မြို့နယ်အလိုက်အပေါ် မူတည်ပြီး အရင်ကထက် လူတစ်ဦးကို ကျပ် ၄၀၀၀ ကနေ ကျပ် ၇၀၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဘက်က အငှားယာဉ်တွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို နေ့စဉ်ရောင်းချပေးဖို့ ညွှန်ကြားထားပေမယ့် စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဆီဆိုင်အများစု မရောင်းချပေးကြဘူးလို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
မွန်ပြည်နယ်မှာတော့ ပြည်နယ်စစ်ကော်မရှင်ဟာ အီရန်တိုက်ပွဲကြောင့် စက်သုံးဆီ ခြိုးခြံချွေတာရေးနဲ့ ဖူလုံမှုရှိစေရေးအတွက်ဆိုကာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစလို့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ စုံမယာဉ်စနစ်နဲ့ ဆီရောင်းချကြဖို့ ညွှန်ကြားထားတာပါ။
စစ်ကော်မရှင်ရဲ့ စက်သုံးဆီ ကန့်သတ်ရောင်းချမှုနဲ့အတူ ဆီ ဝယ်ယူရ အခက်အခဲတွေကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာ စက်သုံးဆီ တစ်လီတာကို ကျပ် ၁၂၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။
တဖက်မှာလည်း စက်သုံးဆီ အခက်အခဲတွေကြောင့် စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေအပါအဝင် အသေးစား SME လုပ်ငန်းအများစု ယာယီရပ်နားထားရတဲ့ အခြေအနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

