ကျောက်ကြီး၊ မတ် ၂၀
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်း တပ်သား သုံးဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ် သံဆိပ်စခန်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား သုံးဦးဟာ မနေ့ မတ်လ ၁၉ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၉ ထံ လက်နက်ချ အလင်းဝင်လာတာပါ။
အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားတွေဟာ အသက် ၁၈ နှစ်အရွယ် တပ်သား ဖိုးသား၊ အသက် ၂၈ နှစ်အရွယ် တပ်သား ဖိုးသဲ၊ အသက် ၃၄ နှစ်အရွယ် တပ်သား မင်းထက်တို့ ဖြစ်တယ်လို့ KNU က မှတ်တမ်းဓာတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။
အဲဒီစစ်မှုထမ်းတပ်သား သုံးဦးဟာ ကယားပြည်နယ် လွိုင်လင်လေးမြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၃၀ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။
သူတို့ သုံးဦးဟာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူတွေ ဖြစ်ပြီး စစ်မှုထမ်း တပ်သားတွေအနေနဲ့လည်း နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ကြဖို့ KNU ဗဟိုက တိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ မန္တလေးတိုင်း မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် ၅၀၀ ကျော် လက်နက်ချ အလင်းဝင်လာတယ်လို့ မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာသူတွေဟာ မန္တလေး PDF နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး မန္တလေး PDF ပြောခွင့်ရ ကိုအော်စမွန်က ဒီသတင်းဟာ ဝါဒဖြန့်ချီမှုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

