ဒိုဟာ၊ မတ် ၁၉
အီရန်က ရာ့စ် လာဖန် စက်မှုဇုန်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း ကာတာ နိုင်ငံပိုင် ရေနံကုမ္ပဏီက ပြောလိုက်ပါတယ်။
အဲဒီ စက်မှုဇုန်ရှိ ကာတာရဲ့ ကမ္ဘာ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့ အရည် စက်ရုံ တိုက်ခိုက်ခံရပြီးနောက် အီရန်အနေနဲ့ နောက်ထပ် လက်စားချေ တိုက်ခိုက်မှုတွေ လုပ်ရင် မိမိတို့ကလည်း ကြီးကြီးမားမား လက်တုံ့ပြန်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သတိပေးထားပါတယ်။
အီရန်ရှိ ဆောက်သ်ပါ့စ် ရေနံမြေကို အစ္စရေး တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ အမေရိကန်က ဘာမှ မသိထားဘူးလို့လည်း ထရန့်က ပြောပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ ဆောက်သ်ပါ့စ် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရာ နေရာ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ပြတ်ပြတ်သားသား လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေးထားတဲ့ နေရာတွေထဲမှာ ရာ့စ်လာဖန် စက်မှုဇုန်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ရဲ့ ဆောက်သ်ပါ့စ် ရေနံမြေဟာ ကာတာ၊ အီရတ်တို့နဲ့အတူ ကမ္ဘာ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့ လုပ်ကွက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ကမ္ဘာ့ စွမ်းအင်ကဏ္ဍအတွက် အရေးပါတဲ့ အဲဒီ နေရာကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း အီရန်က ပြောထားပေမယ့် အစ္စရေးက မှတ်ချက် မပြုသေးပါဘူး။
အီရန်နဲ့ သူရဲ့ မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေက အရှေ့အလယ်ပိုင်း ဒေသတဝှမ်း လက်စားချေ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ဒူဘိုင်း၊ ကာတာ၊ ကူဝိတ်၊ အီရတ်၊ ဘာရိန်းနဲ့ ဆော်ဒီအာရေးဗီးယားတို့က ဝင်ရောက်လာတဲ့ ဒုံးကျည်တွေကို ကြားဖြတ် တားဆီးခဲ့ရပြီး ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ညအချိန် တိုက်ခိုက်မှုအတွင်း အီရန် ထောက်လှမ်းရေးဝန်ကြီး အက်စမေးလ် ခါတစ် သေဆုံးသွားကြောင်း အီရန်သမ္မတက အတည်ပြုထားပါတယ်။
အီရန် အစိုးရ လုံးဝပြုတ်ကျသွားတာ မဟုတ်ပေမယ့် အများကြီး အဆင့်လျော့ကျသွားပြီ ဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေး အကြီးအကဲက ပြောထားပါတယ်။
ကမ္ဘာ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာနေရာ တိုက်ခိုက်ခံရမှုနဲ့အတူ ကမ္ဘာ့ ရေနံဈေးဟာလည်း တစ်စည်ကို ဒေါ်လာ ၁၁၀ အထိ မြင့်တက်လာခဲ့ပါတယ်။
အီရန်ကို တိုက်ခိုက်ရင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် မဟာမိတ် နိုင်ငံတွေကို အီရန်က တိုက်ခိုက်လာနိုင်ကြောင်း ထရန့်ကို အမေရိကန် အရာရှိတွေက သတိပေးထားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ထရန့်ကတော့ အီရန်က အခုလို ပြန်လည် တိုက်ခိုက်မှုတွေ လုပ်မယ်လို့ မျှော်လင့်မထားခဲ့ကြောင်း ပြောဆိုထားပါတယ်။
အီရန်ရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရာနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့တော့ ထရန့်က အစ္စရေးရဲ့ ဒေါသနဲ့ တုံ့ပြန်မှုကြောင့် နည်းနည်းပါးပါး ထိခိုက်ခဲ့တာ ဖြစ်တယ်လို့ပဲ ပြောပါတယ်။
အစ္စရေးအနေနဲ့ အီရန်ရဲ့ အဲဒီ နေရာကို ထပ်မံ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ထရန့်က ပြောပြီး အီရန်က ကာတာကို ထပ်ပြီး တိုက်ခိုက်ရင် ဆိုးဆိုးရွားရွား ပြန်လည်တိုက်ခံရမှာ ဖြစ်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒီအတောအတွင်း အီရန် စစ်ပွဲအတွက် ရန်ပုံငွေ ထောက်ပံ့ရေး ဒေါ်လာ ၂၀၀ ဘီလီယံကျော် ခွင့်ပြုပေးဖို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က အိမ်ဖြူတော်ဆီ တောင်းဆိုထားတယ်လို့ ဝါရှင်တန်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။
Ref:BBC

