အစ္စရေးရှိ နိုင်ငံသားတွေ အမြန်ဆုံး ထွက်ခွာကြဖို့ ထိုင်းအစိုးရ တိုက်တွန်း

ဘန်ကောက်၊ မတ် ၁၉

ထိုင်းနိုင်ငံသားတွေအနေနဲ့ အရှေ့အလယ်ပိုင်းဒေသ အထူးသဖြင့် အစ္စရေးက ထွက်ခွာကြဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အစ္စရေးနဲ့ ဟစ်ဇဘိုလာအဖွဲ့ကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာစဉ်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မကြာသေးခင်က ဖြစ်ပေါ်လာတဲ့ အခြေအနေတွေက တိုက်ခိုက်မှုတွေ သိသိသာသာ အရှိန်မြင့်တက်လာကြောင်း ဖော်ပြနေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က မတ် ၁၈ ရက်မှာ ပြောပါတယ်။

အစ္စရေးက လက်ဘနွန်မှာ ကြီးကြီးမားမား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး အာရပ်နိုင်ငံတွေဟာ အီရန်ရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပေမယ့် ဒုံးကျည်အများစုကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။

စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွေလည်း ထိခိုက်နေရပြီး ဟောမု့ဇ် ရေလက်ကြားတဝိုက် တင်းမာမှုတွေ ဆက်ရှိနေတာကြောင့် ရေနံဈေးနှုန်း ဗြောင်းဆန်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အီရန် နိုင်ငံပိုင် မီဒီယာက နိုင်ငံတော် လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် သေဆုံးကြောင်း အတည်ပြုထားပြီး အမေရိကန်ကလည်း တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့ ရန်ပုံငွေ ဒေါ်လာ ၂၀၀ ဘီလီယံ သုံးခွင့်ပေးရေး အိမ်ဖြူတော်သို့ တောင်းဆိုထားပါတယ်။

အခြေအနေ မသေချာ မရေရာမှုတွေကြောင့် ဒေသတွင်းရှိ ထိုင်းနိုင်ငံသားတွေ အနေနဲ့ တရားဝင် အသိပေး ကြေညာချက်တွေ အတိုင်း လိုက်နာကြဖို့နဲ့ ကြန့်ကြာ မနေဘဲ ဒေသတွင်းက ထွက်ခွာကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ကူဝိတ်၊ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မတ် ၁၇ ရက်မှာ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပြီး ဒေသတွင်းရှိ ထိုင်းနိုင်ငံသားတွေကို ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသရှိ ထိုင်းနိုင်ငံသားတွေအနေနဲ့ ဂျော်ဒန်နိုင်ငံမှာ ခရီးတထောက်နားပြီး ပြန်ထွက်လာနေကြတယ်လို့ သိရပါတယ်။

အဲဒီ ဒေသမှာ တိုက်ခိုက်ခံရတဲ့ ကုန်တင်သင်္ဘော တစ်စီးက ထိုင်းနိုင်ငံသား ၂၀ ဦးလည်း မိခင်နိုင်ငံ ပြန်လာနိုင်ခဲ့ပြီး ဒေသတွင်းရှိ တခြား ထိုင်းနိုင်ငံသားတွေလည်း မကြာခင် ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

အီရန်နိုင်ငံက ထိုင်းနိုင်ငံသားတွေ ဘေးကင်းရာ ရွှေ့ပြောင်းရေး အတွက်လည်း စီစဉ်ထားပြီး လာမယ့် ရက်ပိုင်းအတွင်း မိခင်နိုင်ငံသို့ ပြန်ရောက်လာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒေသတဝှမ်းရှိ ထိုင်းသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေက သူတို့ရဲ့ နိုင်ငံသားတွေကို အကာအကွယ် ပေးနေကြတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း တဲလ်အဗစ်မြို့ရှိ ထိုင်းသံရုံးက မိမိတို့ နိုင်ငံသားတွေအနေနဲ့ သတိရှိရှိနေကြဖို့၊ လေကြောင်း တိုက်ခိုက်မှု သတိပေးသံကြားရင် အထူး သတိရှိကြဖို့ ကြေညာထား ပါတယ်။

ဒေသတွင်း လေပိုင်နက် ပိတ်ထားမှုတွေ ရှိနေပြီး ထိုင်းနိုင်ငံသားတွေကို သက်ဆိုင်ရာ အရာရှိတွေက တခြား တစ်နိုင်ငံသို့ ပို့ဆောင်ပြီးမှ မိခင်နိုင်ငံဆီ ပြန်လည် ခေါ်ဆောင်နေရ ပါတယ်။

အီရန် စစ်ပွဲ စတင်ပြီး နောက်ပိုင်း ထိုင်းနိုင်ငံသား ၁၁၄၉ ဦးကို ဒေသတွင်းကနေ ထွက်ခွာဖို့ ကူညီပေးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

သူတို့ကို မိခင်နိုင်ငံဆီ ပြန်လည် ခေါ်ယူတာ သို့မဟုတ် တတိယနိုင်ငံ တစ်ခုခုဆီ ပြန်လည် နေရာချထားတာတွေ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ထိုင်း အစိုးရက ပြောကြားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.