ဘီးလင်း၊ မတ် ၁၇
နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြင်သာကျေးရွာမှာ အရပ်သားပြည်သူ နှစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က ဘီးလင်းမြို့နယ် ပြင်သာကျေးရွာအနီးမှာ တဲဆောက်ဖို့ ချုံရှင်းနေတဲ့ ရွှေတွင်းလုပ်သား နှစ်ဦးဟာ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။
မြေမြှုပ်မိုင်းကြောင့် အသက် ၂၀ နဲ့ ၃၀ အရွယ် ရွှေတွင်းလုပ်သား နှစ်ဦးဟာ ခန္ဓာကိုယ်အနှံ့မှာ မိုင်းစထိမှန် ဒဏ်ရာ အချက် ၂၀ နီးပါး ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ရွှေတွင်းလုပ်သား နှစ်ဦးဟာ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရတယ်လို့ အမည်မဖော်လိုတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဘီးလင်းမြို့နယ် ပြင်သာကျေးရွာမှာ အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားဖူးပါတယ်။
ဒါပေမယ့် ဒီမြေမြှုပ်မိုင်း ပေါက်ကွဲမှုအပေါ် နှစ်ဖက်အဖွဲ့အစည်းတွေက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ကမ္ဘာတဝှမ်း မြေမြှုပ်မိုင်းပေါက်ကွဲမှုအကြောင်း လေ့လာနေတဲ့ Landmine Monitor အဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အာဏာသိမ်းကာလအတွင်း ကမ္ဘာ့အပေါ်မှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

