နေပြည်တော် ၊ မတ် ၁၇

အာဏာသိမ်း စစ်တပ်ရဲ့ အသွင်ပြောင်း စစ်ကော်မရှင်နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ မတ် ၁၆ ရက်နေ့မှာ အပြိုင်အဆိုင် လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အနိုင်ရကိုယ်စားလှယ်တွေကို စစ်ကော်မရှင်က တတိယကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပချိန်မှာ CRPH ကလည်း နဝမကြိမ် ပြည်‌ထောင်စုလွှတ်တော်အစည်းအဝေးကို အွန်လိုင်းကနေ ခေါ်ယူခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ သက်တမ်းဟာ ၅ နှစ်ပြည့်မြောက်ခဲ့ပြီးချိန်မှာ အခုလို လွှတ်တော်အစည်းအဝေးခေါ်ယူမှုအပေါ် တရားဝင်မှု ရှိ မရှိ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြည်သူအပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာကို ထပ်လောင်း အတည်ပြုတာဖြစ်ပြီး ဒီမိုကရေစီကို ကာကွယ်ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုက အပ်နှင်းထားတဲ့ ဆင့်လွှဲအာဏာနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တရားဝင် အသိအမှတ်ပြုမှုတွေကို ကိုင်စွဲပြီး ရည်မှန်းချက်တွေ ပြည့်မီဖို လွှတ်တော်ကဏ္ဍကနေ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကော်မရှင်ရဲ့ အတုအယောင်လွှတ်တော်နဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရယူဖို့ ကြိုးပမ်းနေမှုအပေါ် တန်ပြန်တုံ့ပြန်ဖို့ အထူးလိုအပ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးကာလနဲ့ သင့်တော်အပ်စပ်တဲ့ လွှတ်တော်မျိုး ပိုမိုဖော်ဆောင်လာနိုင်ဖို့ လိုအပ်တာကြောင့် အခြေအနေနဲ့ အချိန်အခါကို သတိထားပြီး လက်တွေ့ကျတဲ့ လွှတ်တော်အခင်းအကျင်းမျိုး ဖော်ဆောင်ဖို့ တိုက်တွန်းထားတာပါ။

လက်ရှိမှာ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ ပုံစံမျိုး အကောင်အထည်ပေါ်လာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ အချိန်အများကြီး ရင်းနှီးမြှုပ်နှံကာ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြောင်းကိုလည်း ယာယီသမ္မတက အသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ NUG က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စုပေါင်းဦးဆောင်မှု အခင်းအကျင်းကို ပုံဖော်ဖို့ ဆွေးနွေးထားသလို နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA နဲ့လည်း စစ်ရေး၊ နိုင်ငံရေးကိစ္စတွေမှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ အချင်းချင်းကြား နားလည်မှုရှိစွာနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးဆုံးအချိန် ရောက်ရှိနေပြီး စစ်ကော်မရှင်က လုပ်နေကြအတိုင်း စုဖွဲ့မှု ပြိုကွဲစေဖို့ အချိန်ကိုက်လှုပ်ရှားလာတဲ့ အဖျက်အမှောင့်တွေ ဖန်းတီးလာနိုင်တာမို့ သတိကြီးကြီး ထားကြဖို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း တော်လှန်ရေးတစ်စုံလုံးကို ဦးဆောင်မယ့် ယန္တရားတစ်ခု အမြန်ဆုံးပေါ်ပေါက်မှသာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ပိုမို အားကောင်းတဲ့ စုစည်းမှုနဲ့ ကိုယ်စားပြုနိုင်မှာကို ယုံကြည်တယ်လို့ အကြံပြုပါတယ်။

တစ်ဘက်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အတုအယောင်အဖြစ် ရှုမြင်ထားကြတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အာဏာသိမ်းမှု ၅ နှစ်အလွန်မှာ ပိတ်သိမ်းထားခဲ့တဲ့ လွှတ်တော်တံခါးတွေကို ပြန်လည် ဖွင့်လှစ်လာပါပြီ။

စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စက္ကူစုတ်သာသာပဲ ရှိတော့တယ်လို့ တော်လှန်ရေးအင်အားစုတွေကြား ပြောဆိုနေကြပေမယ့် အဲဒီ ဥပဒေနဲ့ပဲ စစ်ကော်မရှင်က နိုင်ငံရေးအခင်းအကျင်းသစ်ကို ပုံဖော်ကြိုးပမ်းနေတာပါ။

မတ် ၁၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကနေ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်သုံးဦးဟာ လွှတ်တော်ရဲ့ သဘာပတိ အပါအဝင် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် ရွေးချယ်ခံရသူ ဒေါက်တာ နန္ဒကျော်စွာက ပြိုင်ဘက်ကို ထောက်ခံမဲတွေနဲ့ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဒုတိယဥက္ကဋ္ဌ ဦး‌မောင်မောင်အုန်းတို့ကတော့ ပြိုင်ဘက်မရှိ အနိုင်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဦးခင်ရီဟာ စစ်တပ်ကနေ ဗိုလ်မှူးချုပ်ရာထူးနဲ့ အငြိမ်းစားယူခဲ့ပြီး စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်မှာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့သလို ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် စစ်ခေါင်းဆောင်က ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်မှာတော့ အဲဒီရာထူးကနေ အနားယူစေခဲ့ပြီး အောက်တိုဘာမှာ ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းရာထူးအပြောင်းအလဲမှာ ဦးခင်ရီဟာ ပါတီဥက္ကဋ္ဌ ဖြစ်လာပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းရာထူးအပြောင်းအလဲဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ အဲဒီကတည်းက သုံးသပ်ထားကြတာပါ။

စစ်ခေါင်းဆောင်အနေနဲ့ တပ်ချုပ်အဖြစ် ၁၅ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့မှုတွေကို ပြန်လည်သုံးသပ်ဆွေးနွေးပွဲအဖြစ် ပြုလုပ်ခဲ့တာဟာ အဲဒီရာထူးကနေ စွန့်ခွာတော့မယ့် အရိပ်အယောင်ဖြစ်ပြီး နိုင်ငံရေးအာဏာ ဆက်လက်ချုပ်ကိုင်ဖို့ သမ္မတလုပ်မယ့် အလားလာလို့ ပြောဆိုနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.