ပုလော၊ မတ် ၁၇

တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း စစ်တပ်စခန်း သုံးခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ နှစ်ပေါင်း ၃၀ ကျော်အကြာ တပ်စွဲထားတဲ့ ဝင်းဝစစ်တပ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

အချိန်တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်ကြီး လေးဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါထားပါတယ်။

ဝင်းဝစစ်စခန်းကို စစ်ကော်မရှင်ဘက်က လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတဲ့ကြားကနေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်း ပုလောမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ တောင်ယာကမ်းရွာစစ်စခန်းနဲ့ အောက်ပေါင်းရွာရဲစခန်းတို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

ပုလောမြို့နယ်က အဲဒီစစ်စခန်း နှစ်ခု သိမ်းပိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ထက်မနည်း ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ စစ်ဆင်နွှဲနေတဲ့ ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့အတူ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ဆယ်နဲ့ချီ သေဆုံးထားတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.