မကွေး မတ် ၁၇
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်လို့ သားအမိ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၆ ရက်မှာ ဂန့်ဂေါမြို့နယ် ကျောက်ဂူဒေသကို စစ်ကော်မရှင်တပ်တွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာ ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
“သေဆုံးသူတွေက မိသားစုဝင်တွေလို့ သိရတယ်ဗျ။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ပစ်သွားတာပါ။ လေကြောင်းကနေ ကိုးကြိမ်ထက်မနည်း ပစ်သွားလို့ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်တွေ လေကြောင်းကနေ ပစ်ခတ်လို့ စစ်ရှောင် မိသားစုဝင် ၄ ဦးလုံးထိခိုက်ကာ အသက် ၅၀ အရွယ် အမေဖြစ်သူနဲ့ ၁၃ နှစ်အရွယ် သမီးဖြစ်သူတို့သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဖခင်ဖြစ်သူမှာ အသက်အန္တရာယ် စိုးရိမ်နေရပြီး အသက် ၂၀ အရွယ် သမီးဖြစ်သူမှာလည်း ခြေထောက်တစ်ဖက် ဖြတ်တောက်ရမယ့် အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၀ ရက်ကလည်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်ကို စစ်ကော်မရှင်ကလေကြောင်းကနေ တိုက်ခိုက်လို့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ယောအလင်းတန်း

