တီဟီရန် မတ် ၁၃

အမေရိကန်က အီရန်ကို တိုက်ခိုက်တာဟာ လွယ်ကူပေမယ့် ဒီစစ်ပွဲကို X ပေါ်မှာ စာတစ်ကြောင်းရေးလိုက်သလို လွယ်လွယ်နဲ့ မနိုင်နိုင်ဘူးလို့ မတ် ၁၂ ရက်နေ့မှာ အီရန်အစိုးရဘက်က ပြောဆိုလာပါတယ်။ အီရန် လုံခြုံရေးအရာရှိ အလီ လာရီဂျာနီက “ဒီအမှားကြီးအတွက် အမေရိကန် နောင်တရအောင် လုပ်မယ့်အထိ ကျွန်တော်တို့ မနားဘူး” လို့ လူမှုကွန်ရက်မှာ ရေးပါတယ်။

အဲဒီပြောဆိုချက်တွေက အီရန် ထိပ်တန်းခေါင်းဆောင်သစ် မို့ချ်တာဘာ ခါမေနီရဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့ သတင်းစကား ထွက်လာပြီးနောက် ပေါ်ထွက်လာခဲ့တာပါ။ ခေါင်းဆောင်သစ် မို့ချ်တာဘာက အီရန်ရဲ့ အဓိကရေနံလမ်းကြောင်းဖြစ်တဲ့ ဟောမု့ဇ်ရေလက်ကြားကို ပိတ်သင့်တယ်လို့ ပြောထားပါတယ်။ အဲဒီလမ်းကြောင်းက ကမ္ဘာ့ရေနံပို့ဆောင်မှုရဲ့ လေးပုံတစ်ပုံလောက် ဖြတ်သန်းနေတဲ့ အရေးကြီးတဲ့နေရာဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန် နေတန်ယာဟုက အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းတိုက်ခိုက်မှုက အီရန်နဲ့ အီရန်ထောက်ခံတဲ့ ဟဇ်ဇဘိုလာအဖွဲ့ကို ပြင်းပြင်းထန်ထန် ဖိအားပေးနေတယ်လို့ ပြောပါတယ်။ ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က အီရန်အစိုးရစနစ်ကို အားနည်းစေပြီး နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကိုလည်း ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်ဘက်ကတော့ သူတို့ဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သာ လုပ်နေတာဖြစ်ပြီး စစ်ရပ်တန့်ဖို့ ဆွေးနွေးချင်ပေမယ့် အပြည့်အဝ စစ်ပွဲအဆုံးသတ်နိုင်တဲ့ အဖြေတစ်ခုပါ ပါဝင်ရမယ်လို့ ပြောပါတယ်။

ဒီစစ်ပွဲကြောင့် ပင်လယ်ကမ်းရိုးတန်းနိုင်ငံတွေဖြစ်တဲ့ ပင်လယ်ကွေ့ဒေသတွေမှာလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။ ဘာရိန်းနိုင်ငံမှာ ဆီသိုလှောင်ကန် တချို့ ပေါက်ကွဲပြီး မီးခိုးတက်နေတဲ့ မြင်ကွင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကူဝိတ်နိုင်ငံတကာလေဆိပ်နဲ့ ဒူဘိုင်းမြို့ထဲမှာလည်း ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဆော်ဒီအာရေးဘီးယားကတော့ သူတို့ရဲ့ ဆီသိုလှောင်နေရာတွေကို ဦးတည်လာတဲ့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခုလို တင်းမာမှုတွေကြောင့် ပင်လယ်ကွေ့ဒေသမှာ ဆီတင်သင်္ဘောတွေ ရပ်နားနေရပြီး ထုတ်လုပ်မှုလည်း လျော့လာပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စပြီး အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက် ကမ္ဘာ့ရေနံစျေးတွေက ၄၀% ကနေ ၅၀% အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.