တီဟီရန်၊ မတ် ၁၂

ဒေသတွင်း ပြည်သူတွေအနေနဲ့ အမေရိကန် တပ်ဖွဲ့တွေကို ကာကွယ်မပေးကြဖို့နဲ့ အမေရိကန်နဲ့ အစ္စရေးရဲ့ စစ်ရေးပစ်မှတ်တွေကို ဖော်ထုတ်ပေးကြဖို့ အီရန် စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဘိုလ်ဖာဇ် ချီကာရှီက တိုက်တွန်းလိုက်ပါတယ်။

အဲဒီလို ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသအတွက် လုံခြုံရေး စတင်နိုင်မှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ချီကာရှီက ပြောပါတယ်။

အီရန်အနေနဲ့ ပိုပြီး တိတိကျကျ တိုက်နိုင်ရေး အမေရိကန်နဲ့ အစ္စရေးရဲ့ စစ်ရေး ပစ်မှတ်တွေကို ဒေသခံတွေနဲ့ မွတ်စလင်နိုင်ငံတွေက ပြသပေးကြဖို့နဲ့၊ ဒါက ဒေသတွင်းမှာ နေထိုင်ကြသူတွေ ဘေးကင်းစေရေး တောင်းဆိုတာ ဖြစ်တယ်လို့ အီရန် စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။

ဒေသတွင်းရှိ ပြည်သူတွေ အန္တရာယ် မကျရောက်စေရေး အမေရိကန်နဲ့ အစ္စရေး တပ်တွေ ပုန်းခိုနေတဲ့ နေရာတွေကို ဖော်ထုတ်ပေးကြဖို့ အခုလိုတိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဘုရားသခင် ဆန္ဒရှိရင် မိမိတို့ ဒေသတွင်းမှာ ရှိနေတဲ့ အမေရိကန်တွေကို ပိုပြီး ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန်၊ အားကောင်းကောင်းနဲ့ တိုက်ထုတ်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးက ဒေသတွင်း အရပ်သားတွေကို တမင်တကာ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့လည်း အီရန်က စွပ်စွဲထားပါတယ်။

မိမိတို့ရဲ့ ပြင်းထန်တဲ့ လက်စားချေ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နဲ့ အစ္စရေး တပ်တွေ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီလို့ ဗိုလ်မှူးချုပ် ချာကာရှီက ပြောပါတယ်။

အီရန် ပြည်သူတွေကို အမေရိကန်က ထောက်ခံ အားပေးတယ်ဆိုတဲ့ ပြောဆိုမှုဟာလည်း သူတော်ကောင်း အယောင်ဆောင်တာပဲ ဖြစ်ကြောင်းနဲ့ အခုအချိန်မှာ အမေရိကန်က ထောက်ခံ ကူညီမယ်ဆိုတဲ့ လူတွေပဲ အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် သေဆုံးနေရပြီဖြစ်ကြောင်း သူက ပြောဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အီရန်ကို တိုက်ခိုက်မှုတွေ မပြီးဆုံးသေးပေမယ့် ပစ်မှတ် အများကြီး မကျန်တော့ဘူးလို့ ပြောထားပါတယ်။

အီရန်ကတော့ စစ်ပွဲကြာမြင့်စေဖို့ ပြင်ဆင်ထားပြီး ကမ္ဘာ့စီးပွားရေး ထိခိုက်အောင် စစ်ပွဲနဲ့ လုံးဝ မသက်ဆိုင်တဲ့ ကုန်တင် သင်္ဘောတွေကိုပါ တိုက်ခိုက်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.