ဘားအံ၊ မတ် ၁၃

နိုင်ငံတဝန်းမှာ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် အပြင်းထန်ဆုံး ဖိအားတွေကို အမြန်ဆုံးနဲ့ တပြိုင်တည်း ဖိအားပေးဆောင်ရွက်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က နိုင်ငံတကာအသိုက်အဝန်းထံ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ကော်သူးလေအုပ်ချုပ်နယ်မြေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတွေ၊ လူထုနဲ့သက်ဆိုင်တဲ့ အဆောက်အဦးတွေကို ပစ်မှတ်ထားပြီး သာလွန်အင်အားသုံးတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် အရှိန်အဟုန်တိုးမြင့်ကျူးလွန်နေတဲ့အပေါ် KNU အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချတယ်လို့ မတ်လ ၁၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

လတ်တလော ကမ္ဘာ့နိုင်ငံတွေက အီရန်နဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုတွေအပေါ် အာရုံစိုက်နေကြတဲ့ အချိန်ကိုအခွင့်ကောင်းယူပြီး စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲလုံးဝမဖြစ်တဲ့နေရာတွေ၊ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ ပြန်လည်သိမ်းယူနိုင်ဖို့ အရပ်သားပြည်သူတွေကို လက်လွတ်စပယ် လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ KNU က ဆိုပါတယ်။

KNU ရဲ့ တရားဝင်သတင်းအချက်အလက်တွေအရ ကော်သူးလေနယ်မြေတခွင်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်အကြိမ် ၆၀ ကျော်နဲ့ အရပ်သားပြည်သူ ၅၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတာပါ။

စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက် လေကြောင်း၊ အသေခံဒရုန်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးတာ၊ အသက်အိုးအိမ်တွေပျက်စီးတာ၊ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ထွက်ပြေးနေရတာတွေကြောင့် ကော်သူးလေနယ်မြေနဲ့ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာ မတည်မငြိမ်မှုတွေ ဖြစ်ပေါ်စေလျက်ရှိတယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၅ နှစ်က မြန်မာ့အရေးဖြေရှင်းရေးအတွက် အာဆီယံက ချမှတ်ခဲ့တဲ့ သဘောတူညီချက် ၅ ချက်ရဲ့ ပထမအချက်ဖြစ်တဲ့ “အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရေး” ဟာ ဒီကနေ့ထက်တိုင် အရာမဝင်တဲ့အပြင် ပိုမိုဆိုးရွားလာတာကို တွေ့ရတယ်လို့ KNU က ပြောပါတယ်။

ဒါကြောင့် အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ လူသားမဆန်တဲ့ကျူးလွန်မှုတွေကို သတိပြုပြီး စိုးရိမ်ပူပန်မှုဆိုင်ရာ ကြေညာချက်တွေ ထုတ်ပြန်မှုထက်ကျော်လွန်ကာ အနှစ်သာရရှိသော ချဉ်းကပ်လုပ်ဆောင်မှုတွေနဲ့ ထိရောက်မှုရှိအောင်ဆောင်ရွက်ဖို့ KNU က တိုက်တွန်းထားပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုကို မျက်ဝါးထင်ထင်တွေ့နေရပါလျက်နဲ့ မျက်ကွယ်ပြု နှုတ်ငုံနေတာ၊ ဖိအားပေးအရေးယူဖို့ ပျက်ကွက်ကာ အာဏာသိမ်းစစ်တပ်ကို သံတမန်အခင်းအကျင်းမှာ ဆက်လက်နေရာပေး ထိတွေ့ဆက်ဆံနေတာဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ပိုမိုအားပေးရာရောက်တယ်လို့ KNU က ဆိုပါတယ်။

KNU အနေနဲ့ အများပြည်သူတွေကို ကာကွယ်ဖို့၊ စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့နဲ့ ဆန္ဒ ခံယူချက် ရည်မှန်းချက်တူတဲ့ မဟာမိတ်အဖွဲ့တွေအားလုံးနဲ့ပူးပေါင်းပြီး တန်းတူညီမျှမှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အခိုင်အမာ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.