သရက်ချောင်း၊ မတ် ၁၃
စစ်ကော်မရှင်ဘက်က လေကြောင်းနဲ့အပြင်းအထန် ပစ်ကူပေးနေတဲ့ကြားကနေ တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ ဝင်းဝစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်ထံက သိရပါတယ်။
အင်အား ၁၀၀ လောက်ရှိတဲ့ ဝင်းဝတပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
အချိန်တစ်လနီးပါးကြာမြင့်ခဲတဲ့ ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က လေကြောင်းကနေ အကြိမ် ၅၀ ထက်မနည်း လာရောက်ပစ်ကူပေးခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်ကြီး လေးဦးအပါအဝင် ၅၀ ကျော် သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် နှစ်ဦး ကျဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ထံကနေ လက်နက်မျိုးစုံ ၅၀ ကျော်အပါအဝင် စစ်သုံးဆက်စပ် ပစ္စည်းတွေလည်း သိမ်းပိုက်ရရှိခဲ့ပြီး စခန်းကတော့ ဒရုန်းဗုံးတွေကြောင့် လုံးဝပျက်စီးသွားတာ ဖြစ်ပါတယ်။
ဝင်းဝတပ်စခန်းဟာ KNU သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီးဖြစ်တဲ့ မင်းဒပ်ကျေးရွာအတွင်းမှာ စစ်ကော်မရှင်ဘက်က နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဝင်းဝစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်ကတော့ စစ်ဆင်ရေးတိုက်ပွဲအတွင်း အသက်နဲ့ခန္ဓာပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေနဲ့ တိုက်ပွဲအတွက် အဘက်ဘက်ကနေ ပံ့ပိုးကူညီအားပေးခဲ့တဲ့ ပြည်သူလူထုအားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

