ပွင့်ဖြူမှာ ပျူစောထီးတွေက အမျိုးသား ၈ ဦးကို ပေါ်တာဆွဲ

မကွေး မတ် ၁၂

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက အမျိုးသား ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မတ် ၁၂ ရက် မနက်ပိုင်းက ပွင့်ဖြူမြို့နယ် သစ်ချိုကုန်း၊ထူးနဲ့ သမန်းရင်းက အမျိုးသား ၈ ဦးကို မျက်နှာဖုံးစွပ်ထားတဲ့ ပျူစောထီးတွေက ဖမ်းဆီးသွားတာပါ။

“ဒီရွာတွေက သူတို့တွေပဲ အဓိကလှုပ်ရှားတဲ့ရွာတွေဖြစ်တယ်။ ပျူစောထီးနဲ့ နီးစပ်သူတချို့တော့ ပြန်လွတ်တယ် ပြောနေပေမယ့် အတိအကျ မသိရသေးဘူး။ ဖမ်းဆီးပြီး ပွင့်ဖြူရဲစခန်းကို ခေါ်ဆောင်သွားတာပါ။”လို့ ​ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူ ၈ ဦးထဲက ပျူစောထီးတွေနဲ့ ရင်းနှီးသူ ၃ ဦးကိုတော့ ပြန်လွှတ်ပေးတယ်လို့ သိရပြီး တခြားသူတွေကိုတော့ ကျပ်သိန်း ၁၀၀ နဲ့လာရွေးဖို့ ပွင့်ဖြူရဲစခန်းက မိသားစုကိုအကြောင်းကြားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ စစ်ရေးတည်ငြိမ်နေပေမယ့် စစ်ကော်မရှင်တပ် လက်အောက်ခံတွေက ၁၂ တန်း စာမေးပွဲပြီးချိန်မှာ အကြီးအကျယ် ထိုးစစ်ဆင်မယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေကပြောဆိုနေကြပါတယ်။

ပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ စစ်ကြောင်းသတင်းတွေကြောင့် ဘော်ဒါ ထားကြတဲ့ ကျောင်းသားမိဘတွေက စာမေးပွဲပြီးချိန် နေရပ်ပြန်ဖို့ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း လယ်ကိုင်းကျေးရွာက လဝက ဝန်ထမ်းနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး လယ်ကိုင်း၊ ကျောင်းတော်ရာ၊ သမင်ခြံ စတဲ့ကျေးရွာတွေက အမျိုးသား ၂၀ ဝန်းကျင်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.