သရက်ချောင်း၊ မတ် ၁၂
တနင်္သာရီတိုင်း သရက်ချောင်းမြို့ရှိ သရက်ချောင်းမြို့မရဲစခန်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က စစ်ကော်မရှင်တပ်နဲ့ရဲတပ်ဖွဲ့ဝင် အင်အား ၆၀ လောက် အထိုင်ချ တပ်စွဲထားတဲ့ သရက်ချောင်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ဒုရဲအုပ် တစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းက ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ မြို့ပေါ်မှာ တိုက်ပွဲ ဖော်ဆောင်နိုင်တဲ့ အခြေအနေနဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကို ဖိအားပေးတာလို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ သရက်ချောင်းမြို့မရဲစခန်းကို သိမ်းပိုက်ဖို့အထိ ရည်ရွယ်ထားပေမယ့် စစ်ကော်မရှင်တပ်ဘက်က စစ်ကူစစ်ကြောင်းတွေ ရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။
သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသလို အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံထားရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

