တီဟီရန်၊ မတ် ၁၂
အမေရိကန်၊ အစ္စရေးတို့နဲ့ ရှည်ကြာတဲ့ စစ်ပွဲ ဆင်နွှဲနိုင်ကြောင်းနဲ့ ကမ္ဘာ့ စီးပွားရေး ထိခိုက်ပျက်စီးသွားနိုင်ကြောင်း အီရန်က သတိပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မိမိတို့ တပ်တွေအနေနဲ့ တိုက်ခိုက်စရာ နည်းနည်းပဲ ကျန်ရှိတော့ကြောင်းနဲ့ အလုပ်ပြီးစီးအောင် လုပ်မယ်လို့ မတ်လ ၁၂ ရက်မှာ ပြောထားပါတယ်။
တစ်ကမ္ဘာလုံး သုံးနေတဲ့ ရေနံ ငါးပုံ တစ်ပုံ ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြား တဝှမ်း အခြေအနေ တင်းမာနေချိန် စွမ်းအင်ဈေးကွက်တွေ အလန့်တကြား ဖြစ်နေပါတယ်။
အမေရိကန်နဲ့ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် နောက်ပိုင်း ရေနံဈေး ဆက်တိုက် မြင့်တက်လာခဲ့ပြီး ကုန်စည် ဈေးနှုန်း မြင့်တက်မှုတွေနဲ့ ကြုံတွေ့နေရ ပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ထားပြီး မိုင်းတွေချထားဖို့ ကြိုးပမ်းတဲ့ သင်္ဘော ၂၈ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ ရေလက်ကြားက ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘော မှန်သမျှကို မီးလောင်တိုက် သွင်းမယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။
ဒေါ်နယ်ထရန့်က အဲဒီ ရေလက်ကြားကို ဖြတ်သန်းသွားမယ့် သင်္ဘောတွေကို လိုအပ်ရင် အမေရိကန် ရေတပ်က စောင့်ကြပ်လိုက်ပါပေးမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
ဒါပေမဲ့ မတ် ၁၂ ရက်မှာပဲ ထိုင်းကုန်တင်သင်္ဘော တစ်စီး ဟောမု့ဇ် ရေလက်ကြား အနီးမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီလို ကမ္ဘာကြီး အခက်ကြုံနေချိန်မှာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီက အရန်သိုလှောင်ထားတဲ့ ရေနံ စည်ပေါင်း သန်း ၄၀၀ ကို ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
အမေရိကန် သမ္မတက စစ်ပွဲ မကြာခင် ပြီးဆုံးမှာ ဖြစ်ကြောင်း ပြောထားပြီး အီရန်ကို ပစ်အား သိသိသာသာ တိုးမြှင့်ပြီးတော့ တိုက်ခိုက်သွားမယ်လို့ ကြုံးဝါးထားပါတယ်။
မိမိအနေနဲ့ စစ်ပွဲကို အဆုံးသတ်စေချင်တဲ့ အချိန်ရောက်ရင် အဆုံးသတ်သွားလိမ့်မယ်လို့ ဒေါ်နယ် ထရန့်က ဆိုပါတယ်။
ဒါပေမဲ့ အစ္စရေး စစ်တပ်ကတော့ လုပ်စရာတွေ အများကြီး ကျန်နေသေးကြောင်းနဲ့ နောက်ထပ် တိုက်ခိုက်ရမယ့် ပစ်မှတ်တွေ အများကြီး ရှိနေသေးတယ်လို့ ပြောပါတယ်။
စစ်ပွဲ ၁၂ ရက်ထဲ ဝင်ရောက်လာချိန်မှာ အီရန်က အမေရိကန်၊ အစ္စရေးတို့နဲ့ ဆက်နွယ်မှုရှိတဲ့ ဗဟိုဘဏ်တွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒီလို ခြိမ်းခြောက်မှု ထွက်ပေါ်လာပြီးနောက် ဒူဘိုင်းရှိ နိုင်ငံတကာ လုပ်ငန်းတွေက ဝန်ထမ်းတွေ ဘေးကင်းရာ ရှောင်တိမ်းခဲ့ရပါတယ်။
အမေရိကန် စီးပွားရေးနဲ့ တစ်ကမ္ဘာလုံး စီးပွားရေး ထိခိုက်ပျက်စီးသွားနိုင်တဲ့ ရေရှည် စစ်ပွဲ တစ်ခုမှာ အမေရိကန်နဲ့ အစ္စရေး ပါဝင်နေတယ်ဆိုတာကို သတိပြုသင့်ကြောင်း အီရန်က ပြောပါတယ်။
မိမိတို့ရေတပ်က သတိပေးထားတာကို ဂရုမစိုက်ဘဲ ဟောမု့ဇ် ရေလက်ကြားထဲ ဝင်ရောက်လာတဲ့ ကုန်သည် သင်္ဘော နှစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့က ပြောထားပါတယ်။
အီရန်က ဟောမု့ဇ် ရေလက်ကြားကို ရာနှုန်းပြည့်နီးပါး ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး စောင့်ကြပ်နေတဲ့ တပ်ဖွဲ့တွေကလည်း တစ်စက္ကန့်လောက်တောင် အလွတ်မပေးဘူးလို့ စောင့်ကြည်သူတွေက ပြောပါတယ်။
အီရန် စစ်ပွဲ ရှည်ကြာလာတာနဲ့ အမျှ အာရှနဲ့ ဥရောပမှာ ဓာတ်မြေသြဇာ အပါအဝင် စီးပွားရေးအတွက် အရေးကြီးတဲ့ ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။
Ref:AFP

