ကုန်စည် ဈေးနှုန်း မြင့်တက်မှုကြောင့် ထိုင်း ပြည်သူတွေ စိုးရိမ်နေ

ဘန်ကောက်၊ မတ် ၁၂

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဈေးနှုန်းနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ ထိခိုက်နေတာကြောင့် နေ့စဉ်လိုအပ်တဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်တက်လာမှုနဲ့ ပတ်သက်လို့ ထိုင်း ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

နေထိုင်စားသောက်မှု စရိတ်ဟာ မကြာသေးခင် သီတင်းပတ်တွေအတွင်း ဆက်တိုက် မြင့်တက်လာနေတယ်လို့ ဒေသတော်တော်များများမှာနေတဲ့ ထိုင်းနိုင်ငံသားတွေက ပြောပါတယ်။

ထိုင်းမှာ အစာခြောက်တွေနဲ့ အိမ်ထောင်စုသုံး ကုန်စည်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနေပါတယ်။

ကုန်စည် ဈေးနှုန်း မြင့်တက်လာတာဟာ စွမ်းအင်ဈေးနှုန်း မြင့်တက်မှု ကုန်ကြမ်းပစ္စည်းဈေးနှုန်း မြင့်တက်မှုနဲ့ ကမ္ဘာတဝှမ်း သယ်ယူစရိတ် ကြီးမြင့်လာမှုတို့ကြောင့် ဖြစ်တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

အထူးသဖြင့် ဝင်ငွေနည်း မိသားစုတွေနဲ့ ကုန်သည် အသေးစားတွေနဲ့ အိမ်ထောင်စုတွေ အများကြီးက နေထိုင်စားသောက်မှု စရိတ် ကြီးမြင့်လာမှုကြောင့် ဘက်ဂျက်ထိခိုက်နေကြရပြီဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းတွေကလည်း သွင်းကုန်တန်ဖိုး မြင့်တက်မှုနဲ့ သယ်ယူစရိတ် မြင့်တက်မှုကြောင့် ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဈေးနှုန်းလျှော့ချဖို့ မလွယ်ဘူးလို့ တုံ့ပြန်ပါတယ်။

ကုန်ကျစရိတ် ဆက်လက် မြင့်တက်နေမယ်ဆိုရင် ဈေးနှုန်းမြင့်တက်မယ့်အရေးက ရှောင်ရှားလို့ မရဘူးလို့ စီးပွားရေးလုပ်ငန်း တချို့က ဆိုပါတယ်။

စီးပွားရေး မသေချာမရေရာမှုတွေနဲ့ ကြုံတွေ့နေရချိန် အိမ်ထောင်စုတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပြေလျှော့စေရေး မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်ရေး အစီအစဉ်တွေ စတင် ဆောင်ရွက်ဖို့နဲ့ အခြေအနေကို အနီးကပ် စောင်ကြည့်ပေးဖို့ စားသုံးသူတွေက အစိုးရကို တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ ဟင်းသီးဟင်းရွက်ဈေးနှုန်းက အစ ကုန်စည် ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနေပါတယ်။

ဒီအခြေအနေမှာ တချို့ ထုတ်ကုန်တွေရဲ့ ဈေးနှုန်းဟာ နှစ်ဆအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

အများပြည်သူအနေနဲ့ အကြောက်မလွန်ကြဖို့ စီးပွားရေးဝန်ကြီး ဆူပါဂျီက တိုက်တွန်းပြီး အခြေအနေကို အစိုးရက အထူးအဖွဲ့ ဖွဲ့စည်းပြီး စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

စွမ်းအင် ဈေးနှုန်း မြင့်တက်မှုဟာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

ထိုင်းအစိုးရက ပြည်တွင်း လောင်စာဆီဈေးနှုန်း တည်ငြိမ်စေမယ့် အစီအစဉ်တွေ ချမှတ် လုပ်ဆောင်နေပေမယ့် နောက်ထပ် လောင်စာဈေးမြင့်တက်နေမယ်ဆိုရင် ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်တွေ ပြတ်တောက်သွားနိုင်တယ်လို့ ကုန်သည်တွေက သတိပေးထားပါတယ်။

စိုက်ပျိုးရေး လုပ်သူတွေအနေနဲ့ ဓာတ်မြေသြဇာ ဝယ်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ လည်း ထိုင်း အရာရှိတွေက ပြောထားပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းတဝှမ်း မငြိမ်သက် ဖြစ်နေပြီး ရေနံ ထုတ်လုပ်မှုနဲ့ ပို့ဆောင်မှုတွေ လုံးဝနီးနီး ရပ်တန့်သွားခဲ့ပါတယ်။

ဒီအကျိုးဆက်ကို အရှေ့တောင် အာရှ အပါအဝင် ကမ္ဘာတဝှမ်း ခံစားနေရပြီး ကုန်ပစ္စည်း ဈေးနှုန်း သိသိသာသာ မြင့်တက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.