ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ မတ် ၁၂

လာမယ့်ရက်ပိုင်းအတွင်း လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူပြီး ဧပြီလဆန်းမှာ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ရှိနေတဲ့အပေါ် ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆက်လုပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းမှု ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး မတ် ၁၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြန်လည်သုံးသပ်ဆွေးနွေးတဲ့ အခမ်းအနားမှာ သူက ထည့်သွင်းပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ပြည်သူတွေ ရွေးချယ်ပေးခဲ့တဲ့ ကိုယ်စားလှယ်တွေ ပေါ်ထွက်လာပြီဖြစ်တာကြောင့် အခုလထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပခြင်းနဲ့အတူ ဧပြီမှာ ထွက်ပေါ်လာမယ့် အစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးနိုင်တော့မယ်လို့ ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မဖြစ်မနေ တိုးတက်မှုရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူလူထုအကျိုးကို ရှေးရှုလို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ငြိမ်းချမ်း‌ရေးဆွေးနွေးဖို့ ဖိတ်ခေါ်လာနိုင်တာကြောင့် တော်လှန်ရေးရဲ့ ဦးတည်ချက်နဲ့ လမ်းကြောင်းမှန်ကနေ သွေဖယ်မသွားဖို့ အင်အားစုတွေရဲ့ စုစည်းညီညွတ်မှုကို ပြသရမယ့် အချိန်ကာလလို့ မတ် ၉ ရက်နေ့မှာ ပြောကြားထားတာပါ။

တစ်ဘက်မှာ တရုတ်နဲ့ ထိုင်းအစိုးရတို့ကလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကူညီပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ အဲဒီနှစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြောခွင့်ရသူတွေက ထုတ်ပြောခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီနှောင်းပိုင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ဒေသဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံမှုမှာလည်း KIO အနေနဲ့ စစ်ကော်မရှင်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ တရုတ်အစိုးရက အကြုံပြုထားတာပါ။

တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး KIO အနေနဲ့ တစ်ဖွဲ့ချင်း တွေ့ဆုံမှုမျိုးကို လက်မခံဘဲ NUG နဲ့ စကားပြောလိုတဲ့ ဆန္ဒရှိ မရှိ နေပြည်တော်ကို မေးမြန်းထားတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က အွန်လိုင်းကနေ ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အသိပေးခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကတော့ စစ်တပ်အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လမ်းကြောင်းပေါ် ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းနေပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မရေးထိုးထားတဲ့ အဖွဲ့တွေအပါအဝင် နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေနဲ့ စုစုပေါင်း ၁၄၉ ကြိမ်အထိ တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို ဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ၊ ဒေသနဲ့ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေကို အကျေအလည် ဆွေးနွေးနိုင်ခဲ့တယ်လို့ အသိပေးတာပါ။

ဆွေးနွေးနိုင်ခဲ့တဲ့ အချက်တွေကိုလည်း လာမယ့် လွှတ်တော်မှာ ဆွေးနွေးသွားမှာဖြစ်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းမှုအတွင်း ဖွဲ့စည်းထားတဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ဦးဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက် ၄၃ ချက်ကို ပြင်ဆင်နိုင်ဖို့ သဘောတူညီခဲ့ကြတာပါ။

တစ်ဘက်မှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဌာန်းထားတဲ့အတွက် လာမယ့် အခင်းအကျင်းမှာ သမ္မတကနေ ဖွဲ့စည်းပေးမယ့် အတိုင်ပင်ခံကောင်စီဟာ လွှတ်တော်နဲ့ အစိုးရကို ထိန်းကျောင်းသွားမယ့် အနေအထားလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

အဲဒီဥပဒေအရ အစိုးရနဲ့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဌာန်းရေးတို့မှာ အဖွဲ့ဝင် ၅ ဦးထက်မနည်းပါတဲ့ အတိုင်ပင်ခံကောင်စီက အကြံပေးညှိနှိုင်းတာတွေ ပြုလုပ်မှာပါ။

စစ်ခေါင်းဆောင်ကတော့ လက်ရှိ အခြေခံဥပဒေဟာ ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံကနေ စတင်အခြေပြု ရေးဆွဲခဲ့တာဖြစ်လို့ အခုခေတ်စနစ်နဲ့အညီ ပြုပြင်တာတွေရှိနိုင်ပြီး ဥပဒေရေးဆွဲရာမှာ ရေရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံကနေ စဉ်းစားရေးဆွဲဖို့ လိုတယ်လို့ ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.