မြဝတီမှာ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀,၀၀၀ အထိ ဈေးခုန်တက်

မြဝတီ၊ မတ် ၁၂

ကရင်ပြည်နယ် မြဝတီမြို့မှာ စက်သုံးဆီတွေကို အကန့်အသတ် တန်းစီစောင့်ဆိုင်းစနစ်နဲ့ ဝယ်ယူနေရဆဲဖြစ်သလို စက်သုံးဆီဈေးနှုန်း ပြင်ပပေါက်ဈေး မှောင်ခိုဈေးဟာ တစ်လီတာကို ကျပ် ၂၀၀၀၀ နီးပါးအထိ မြင့်တက်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့က မြဝတီမြို့ပေါ်က စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ ရောင်းချပေးနေပြီး ဆီလာရောက်ဝယ်ယူသူတွေ များပြားနေတာကြောင့် ဆိုင်ကယ်တစ်စီးကို ကျပ် ၁၅၀၀၀ နှုန်း၊ ကားတစ်စီးကို ၄၀၀၀၀ နှုန်းနဲ့ အကန့်အသတ် တန်းစီစောင့်ဆိုင်းစနစ်နဲ့ ဝယ်ယူနေရပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ အရှေ့အလယ်ပိုင်းပဋိပက္ခအရေး မစခင်က မြဝတီမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၄၀၀၀၊ ၅၀၀၀ အထိသာ ဈေးရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် မတ်လ ၁၁ ရက်နေ့မှာတော့ မြဝတီမြို့မှာ စက်သုံးဆီဈေးနှုန်းဟာ တစ်လီတာကို ကျပ် ၁၀၀၀၀၊ ၁၂၀၀၀ အထိ ဈေးမြင့်တက်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် မြဝတီမြို့မှာ စက်သုံးဆီ မှောင်ခိုဈေး(ပြင်ပပေါက်ဈေး)ဟာ တစ်လီတာကို ၁၈၀၀၀၊ ၁၉၀၀၀ အထိ ဈေးပေါက်နေပြီး မှောင်ခိုဈေးဝယ်ယူရောင်းချနေသူတွေဟာ စက်သုံးဆီတွေကို ထိုင်းနိုင်ငံ မဲဆောက်ကနေ သွားရောက်ဝယ်ယူသိုလှောင်ကာ ဈေးမြင့်တင်ပြီး ပြန်လည်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ မြဝတီမြို့မှာ စက်သုံးဆီမှောင်ခိုရောင်းချမှုတွေ ကြီးမားလာနေပြီး စက်သုံးဆီဈေးနှုန်းမြင့်မားလာတာကြောင့် ရေခ၊ တက်စီခ ဈေးတက်နေတယ်လို့ မြဝတီမြို့ခံတွေက ဆိုကြပါတယ်။

မြဝတီမြို့က စစ်ကော်မရှင်အဖွဲ့ကတော့ ဒေသတွင်းမှာ စက်သုံးဆီဈေးနှုန်းတွေကို ဈေးကစားတာနဲ့ စက်သုံးဆီတွေကို ဝယ်ယူစုဆောင်းပြီး ဈေးနှုန်းမြင့်တင်ပြန်လည်ရောင်းချတာတွေ လုံးဝမပြုလုပ်ဖို့ အမိန့်ထုတ်ပြန်တားမြစ်ထားပြီး တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.