ရေး၊ မတ် ၁၁

မွန်ပြည်နယ် ရေးမြို့နယ် အောင်သာယာကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် သုံးဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က အောင်သာယာကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတာကြောင့် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း တပင်ရွှေထီး ကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က PDF ရဲဘော် သုံးဦး ကျဆုံးပြီး သေနတ် သုံးလက် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ အဲဒီ ရဲဘော်သုံးဦးဟာ စစ်ကော်မရှင်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စောင့်ဆိုင်းနေစဉ် စစ်ကြောင်းနဲ့တိုးပြီး ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် ကျဆုံးသွားတာလို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ PDF ရဲဘော် သုံးဦးရဲ့ ဈာပန အခမ်းအနားကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲပြီးနောက် အောင်သာယာကျေးရွာကနေ စစ်ကော်မရှင်တပ် စစ်ကြောင်း ပြန်ထွက်သွားပေမယ့် လိမ္မော်ခြံကျေးရွာအနီးတဝိုက်မှာ စစ်ရေးလှုပ်ရှားနေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း အောင်သပြေကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း မွန်ပြည် တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးမြို့နယ်မှာ ရွေးကောက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်က မကြာခဏဆိုသလို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF(ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.