ဘုတ်ပြင်း၊ မတ် ၁၁
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် လေညာ-ရတနာပုံလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် လေးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်ထံက သိရပါတယ်။
အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက လေညာ – ရတနာပုံလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နှစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ ရတနာပုံဒေသရှိ စစ်စခန်းထံ ရိက္ခာနဲ့အင်အားဖြည့်တင်းဖို့ လာတာဖြစ်ပေမယ့် အထိနာသွားတာကြောင့် လေညာဒေသဘက်ကို ပြန်ဆုတ်သွားတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ထံကနေ MA1 သေနတ် တစ်၊ MA3 သေနတ် နှစ်လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

