မော်လမြိုင် ၊ မတ် ၇

တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ မွန်ပြည်နယ်က ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ စစ်‌ဘေး‌ရှောင်ဦးရေ ၁၃,၀၀၀ နီးပါးရှိလာတယ်လို့ RICE သုတေသနအဖွဲ့ရဲ့ မတ် ၅ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

RICE အဖွဲ့ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခတွေ၊ တိုက်ပွဲတွေနဲ့ အရပ်သားထိခိုက်မှု အခြေအနေတွေကို လစဉ် စစ်ရေးပဋိပက္ခ အချက်အလက်ဆိုင်ရာ အစီရင်ခံစာအဖြစ် ထုတ်ပြန်ခဲ့တာပါ။

မွန်ပြည်နယ်အပါအဝင် နိုင်ငံတောင်ပိုင်းဒေသရှိ ကရင်ပြည်နယ်က ဘားအံ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေ အပါအဝင် တနင်္သာရီတိုင်းက ရေဖြူမြို့နယ်က ဖြစ်ရပ်တွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အစီရင်ခံစာအရ အဲဒီဒေသတွေမှာ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၄၀၀၀ ကျော် ရှိလာတဲ့ထဲက ဘီးလင်းမြို့နယ်မှာ ၆၈၉၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ကျိုက်ထိုမြို့နယ်မှာ ၆၀၃၀ ကျော်နဲ့ ရေဖြူမြို့နယ်မှာတော့ ၁၅၀၀ လောက် ရှိတယ်လို့ ဖော်ပြထားတာပါ။

တစ်ဘက်မှာ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ်နဲ့ တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ရှိခဲ့တာကြောင့် ကျိုက်ထို၊ ရေးနဲ့ ရေဖြူမြို့နယ်တို့မှာ အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၆ ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်နဲ့ တောင်ပိုင်း‌ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုများစွာ ဆုံးရှုံးခဲ့ရတယ်လို့ RICE ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေက ဖော်ပြထားတာပါ။

လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ ဖောက်ထွင်းခိုယူမှုတွေကြောင့်ဖြစ်ပြီး နေအိမ်အလုံး ၆၀ ဟာ မီးရှို့ဖျက်ဆီးခံရသလို လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း နေအိမ် လေးလုံး ပျက်စီးခဲ့ရတာပါ။

အထူးသဖြင့် ရေဖြူမြို့နယ်မှာ အိမ်ခြေ ၅၈ လုံးအထိ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘီးလင်းနဲ့ ဘားအံမြို့နယ်တွေမှာလည်း နေအိမ်တွေအပြင် ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေးနဲ့ မော်တော်ယာဉ်တွေပါ အတင်းအဓမ္မ သိမ်းယူဖျက်ဆီးခံခဲ့ရတယ်လို့ RICE က ဆိုပါတယ်။

အရပ်သားဖမ်းဆီးခံရမှုမှာတော့ ရေဖြူ၊ သထုံ၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့မှာ စုစုပေါင်း ၇၆ ဦးအထိ ရှိခဲ့ပြီး တိုက်ပွဲအတွင်း ပိတ်မိကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာနဲ့ စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရတဲ့ နည်းလမ်း ၂ ခုနဲ့ ပြည်သူတွေကို စစ်တပ်က အဓိက ဖမ်းဆီးတာ ဖြစ်ပါတယ်။

RICE ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ လူငယ်အမျိုးသား ၄၃ ဦးနဲ့ တိုက်ပွဲအတွင်း ပိတ်မိပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ အမျိုးသား ၊ အမျိုးသမီး ၃၀ ဦး ရှိခဲ့တဲ့အပြင် အခြားအကြောင်းကြောင့် ဖမ်းဆီးခံရသူ သုံးဦးလည်း ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.