ဖာပွန်၊ မတ် ၇

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ KNU ဖာပွန်ခရိုင်က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်လတာအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကော်မရှင်တပ်တို့အကြား တိုက်ပွဲပေါင်း ၉၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ၁၃ ဦး သေဆုံးသွားပြီး ၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA တပ်မဟာ ၅ ဘက်ကတော့ ထိခိုက်မှုအနည်းငယ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ၈ ကြိမ်၊ လေယာဉ် ဂျက်ဖိုက်တာနဲ့ ၂၁ ကြိမ်၊ လက်နက်ကြီးတွေနဲ့ ပြည်သူနေထိုင်ရာ ရပ်ရွာလုပ်ငန်းခွင်တွေထဲ ပစ်ခတ်မှုတွေကြောင့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရကာ နေအိမ် ၁ လုံးနဲ့ အခြားအဆောက်အဦး ၁ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖာပွန်စစ်ဗျူဟာမှာတော့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး ဗျူဟာစခန်းတိုက်ခိုက်မခံရအောင် စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်နီးပါး လာရောက်ဗုံးကြဲချနေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောဆိုထားပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်က ဖာပွန်စစ်ဗျူဟာဆီ စစ်ကူပေးပို့နိုင်ဖို့အတွက် ဗိုလ်ဘိရဲ့ DKBAအဖွဲ့ BGF အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကမမောင်းကနေ စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိနေရာ ကမမောင်း-ကတိုင်တိလမ်းပိုင်းက ဝါးဒူးရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.