ဘားအံ၊ မတ် ၈
ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ စက်သုံးဆီဆိုင်ကြီးတွေထဲ မတ်လ ၇ ရက်နေ့ကစလို့ ဆီလာဖြည့်တဲ့ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေတချို့ကို စစ်ကော်မရှင်လက်အောက်ခံ ရဲ၊ ယာဉ်ထိန်းရဲအဖွဲ့တွေက ဖမ်းဆီးသိမ်းဆည်းယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခအရေးကြောင့် လောင်စာဆီအခက်ကြုံနေရချိန် စစ်ကော်မရှင်က စက်သုံးဆီခြိုးခြံချွေတာရေးနဲ့ ဖူလုံမှုရှိစေရေးအတွက်ဆိုပြီး မတ်လ ၇ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်းမှာ မော်တော်ယာဉ်တွေအနေနဲ့ “စုံ”ရက်၊ “မ”ရက်စနစ်နဲ့ မောင်းနှင်အသုံးပြုကြဖို့ အသိပေးကြေညာချက်ထုတ်ပြန်ထားတာပါ။
ဒါကြောင့် ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စက်သုံးဆီဆိုင်တွေမှာ စုံ မ စနစ်အတိုင်း လာရောက်ဝယ်ယူနေတဲ့ ယာဉ်တွေကို စစ်ကော်မရှင်လက်အောက်ခံအဖွဲ့က စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေပြီး ဆီလာဖြည့်တဲ့ လိုင်စင်မဲ့ယာဉ်တချို့ကိုလည်း ယာဉ်ထိန်းရဲ့အဖွဲ့က ဖမ်းဆီးသိမ်းဆည်းနေတယ်လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် စက်သုံးဆီဆိုင်တွေမှာ လိုင်စင်မဲ့ယာဉ်ဆိုင်ကယ်တွေကို စက်သုံးဆီရောင်းချပေးတော့မှာမဟုတ်ဘဲ လိုင်စင်မဲ့ယာဉ်ဆိုင်ကယ်တွေကို စစ်ဆေးတွေ့ရှိပါက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး လိုင်စင်ရှိတဲ့ကား ဆိုင်ကယ်တွေအနေနဲ့ ဝှီးတက်ပြကာ စက်သုံးဆီဝယ်ယူနိုင်တယ်လို့ ဆီဆိုင်တွေရှေ့မှာ သတိပေးဆိုင်းဘုတ်တွေ ထုတ်ပြန်ထားပါတယ်။
ဘားအံမြို့မှာ ဒေသခံတွေအားလုံးနီးပါးနဲ့ ဌာနဆိုင်ရာဝန်ထမ်းအများစုဟာ လိုင်စင်မဲ့ကား ဆိုင်ကယ်တွေကို အသုံးပြုနေတာဖြစ်ပြီး စက်သုံးဆီဆိုင်တွေက လိုင်စင်မဲ့ကား ဆိုင်ကယ်တွေကို ဆီမရောင်းချပေးတော့တာ၊ စစ်ကော်မရှင်က သတ်မှတ်ထားတဲ့ စုံ မ စနစ်ကြောင့် ဒေသခံတွေအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေပါ အခက်ကြုံနေရကာ ဌာနဆိုင်ရာဝန်ထမ်းတစ်ချို့ကတော့ စက်ဘီးစီးပြီး ရုံးတက်နေရတယ်လို့ သိရပါတယ်။
ကလေးကျောင်းကြိုကျောင်းပို့၊ ကျန်းမာရေးဆေးခန်းပြ၊ သာရေးနာရေး လူမှုရေး စီးပွားရေး စတဲ့ အရေးကိစ္စတွေအသီးသီးမှာ သွားလာရေးအတွက် ဒေသခံတွေဟာ အခက်အခဲများစွာကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်က အခုလိုမျိုး သတ်မှတ်လိုက်တာကြောင့် ဘားအံမြို့မှာ စက်သုံးဆီဝယ်ယူရနိုင်ရေးအတွက် အပြင်မှာ တရားမဝင်မှောင်ခိုရောင်းချနေတဲ့ ဆီဆိုင်တွေမှာ ပိုမိုအားထားဝယ်ယူအသုံးပြုနေရကာ ဈေးနှုန်းကတော့ သတ်မှတ်ဈေးနှုန်းထက် တစ်လီတာကို ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးရှိနေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
စက်သုံးဆီမှောင်ခိုဈေးနှုန်းအပြင် အငှားယာဉ်ကားခ ဆိုင်ကယ်ခတွေနဲ့ အထွေထွေ ကုန်ဈေးနှုန်းတချို့လည်း ဈေးတက်လာကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

