မြဝတီ၊ မတ် ၅
အရှေ့တောင်အာရှဒေသတွင်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ချေမှုန်းနှိမ်နင်းဖို့ အမေရိကန် FBI က သတင်းထုတ်ပြန်ထားတဲ့အချိန် ထိုင်း-မြန်မာနယ်စပ်တွေမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကို စစ်ကော်မရှင်ဘက်က ဝင်ရောက်စီးနင်းဖမ်းဆီးပြခဲ့ပြီး ကျားဖြန့်လုပ်သားရာချီ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အရှေ့တောင်အာရှဒေသတွင်းမှာရှိတဲ့ အွန်လိုင်းလိမ်လည်ရာဇဝတ်မှုဂိုဏ်း(ကျားဖြန့်)တွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ အမေရိကန် FBI က မတ်လ ၃ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
FBI က အသိပေးထုတ်ပြန်ထားတဲ့ ပုံတွေထဲမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းနားမှာရှိတဲ့ ကျားဖြန့်အဆောက်အဦးတွေကို FBI နဲ့ ထိုင်းတာဝန်ရှိသူတွေက ထိုင်းဘက်ခြမ်းကနေ မှန်ဘီလူးနဲ့ ကြည့်ရှုတဲ့ပုံတွေကို ထည့်သွင်းဖော်ပြထားတာပါ။
FBI က ထုတ်ပြန်ထားတဲ့ မတ် ၃ ရက်နေ့ တစ်ရက်ထဲမှာ စစ်ကော်မရှင်ဘက်ကလည်း ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ဟိုတယ်အဆောက်အဦးထဲကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအများစုအပါအဝင် ကျားဖြန့်လုပ်သား စုစုပေါင်း ၄၀၀ နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ကျားဖြန့်အလုပ်သမား ၄၀၀ နီးပါးနဲ့အတူ ကွန်ပျူတာ ဖုန်း စတားလင့် ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က မတ်လ ၄ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူးစောမုတ်သုန်ရဲ့ ကျားဖြန့်အဆောက်အဦးသစ်ကို စစ်ကော်မရှင်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန့်အလုပ်သမား ၁၅၀ ကျော်ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်က အဲဒီလို ကျားဖြန့်တွေကို ဝင်ရောက်စီးနင်းဖမ်းဆီးတာဟာ ဟန်ပြသဘောသာဖြစ်ပြီး မြဝတီမြို့နယ်အတွင်းမှာ ကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေ အများအပြား ကျန်ရှိနေသေးသလို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း မြဝတီမြို့ခံတွေက ဆိုထားပါတယ်။
စစ်ကော်မရှင်ကတော့ ကျားဖြန့်တွေကို နှိမ်နင်းတိုက်ဖျက်သွားမယ်လို့ ပြောဆိုထားပေမယ့်လည်း ကျားဖြန့်နှိမ်နင်းရေးမှာပါဝင်တဲ့ စစ်ကော်မရှင်ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး အပါအဝင် အခြားထိပ်ပိုင်းအရာရှိတချို့ကို တရုတ်ဖိအားပေးမှုနဲ့ စစ်ကော်မရှင်က ပြန်လည်ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

