မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အခင်းအကျင်းကို ကြံ့ခိုင်ရေး ကြံရွယ်

မော်လမြိုင် ၊ မတ် ၅

မကြာခင်ကာလအတွင်း အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းလာမယ့် စစ်တပ်ကျော‌ထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဖြစ်မယ့် အခင်းအကျင်းကို ကြံရွယ်နေပါတယ်။

မတ် ၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ BBC မြန်မာပိုင်းရဲ့ အင်တာဗျူးတစ်ခုမှာ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ၊ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဌ ဦးလှဆွေက တော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်မှာဖြစ်ပြီး တစ်ဘက်မှာ စစ်ရေး အောင်မြင်မယ့် အခင်းအကျင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

ပြည်တွင်း ပဋိပက္ခတွေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက အာဏာရလာရင် ဘယ်လို ချဉ်းကပ်မလဲဆိုတဲ့ မေးမြန်းမှုအပေါ် ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပါပြီးသားဖြစ်လို့ ငြိမ်းချမ်းရေးခေါ်ယူ ဆွေးနွေးမယ်လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေကို ဖိတ်ခေါ်ဆွေးနွေးမှာဖြစ်ပြီး အဲဒီအပေါ် ဘယ်လို လုပ်သင့်မလဲဆိုတာ လွှတ်တော်မှာ တင်ပြကာ မဲခွဲဆုံးဖြတ်လိမ့်မယ်လို့ အကြမ်းမျဉ်း သိထားကြောင်း သူက ဆိုပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာလည်း ဦးသိန်းစိန်အစိုးရလက်ထက်လိုမျိုး သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအလိုက် ခင်ရာမင်ရာအုပ်စုတွေနဲ့ ဆောင်ရွက်သွားမယ့် အနေအထားလို့ ဆိုပါတယ်။

ဒါ့အပြင် USDP အစိုးရဖွဲ့လာရင် NUG နဲ့ PDF ကိုလည်း ဖိတ်ခေါ်ဆွေးနွေးမယ့် အနေအထားရှိတယ်လို့ သိရကြောင်း BBC မြန်မာပိုင်းရဲ့ မေးမြန်းမှုကို ဦးလှဆွေက ဖြေကြားခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သထုံခရိုင် တာဝန်ခံ ကို‌အေးမင်းထွန်းက စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ တိုက်နေတာမို့ ဆက်လက် တိုက်ပွဲဝင်နေရဦးမယ်လို့ မှတ်ချက်ပြုပါတယ်။

“သူတို့က ဘယ်လိုပဲ ဖိတ်ခေါ် ဖိတ်ခေါ်ပေါ့လေ။ ကျွန်တော်တို့ကတော့ အစကတည်းကိုက စစ်အာဏာရှင်ကို ဖြုတ်ချဖို့ တိုက်နေတာ ဖြစ်တဲ့အတွက် ဆက်ပြီးတော့ ကျွန်တော်တို့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆက်ပြီး တိုက်ပွဲဝင်နေရဦးမှာပဲ” လို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်‌ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်ကလည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်တွေ စလာပေမယ့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်က တွေ့ဆုံစကားပြောဖို့ လမ်းကြောင်းဖွင့်ထားတာ မတွေ့သေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက် ရွေးကောက်ပွဲကနေ လွှတ်တော် သုံးရပ်စလုံးမှာ ကိုယ်စားလှယ်နေရာ အပြတ်အသတ် အနိုင်ရရှိထားတဲ့အတွက် အစိုးရဖွဲ့နိုင်တဲ့ ပါတီပါ။

လက်ရှိမှာ တတိယကြိမ် လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပနိုင်ဖို့ စစ်ကော်မရှင်က ကဏ္ဍပေါင်းစုံ ကြိုတင်ပြင်ဆင်နေပြီး အဲဒီကနေ မတ်လဆန်းမှာ သမ္မတ အပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ရွေးချယ်တင်မြှောက်ဖို့ ရှိနေပါတယ်။

အဲဒီကနေ ပေါ်လာမယ့် အစိုးရအဖွဲ့အတွင်း တိုက်ပွဲတွေ ရှိတဲ့ နေရာမှာ စစ်တပ်ဘက်က အဆိုပြုတဲ့သူတွေကို ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ခန့်အပ်ဖို့ ရှိနေပြီး ပဋိပက္ခတွေ မရှိတဲ့ နေရာမှာတော့ ပါတီက အဆိုပြုတဲ့သူတွေကို ခန့်အပ်မယ့်အပေါ် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခင်းအကျင်းလို့ ဦးလှဆွေက ပြောပါတယ်။

အကြောင်းကတော့ စစ်ဆင်ရေးတွေ လုပ်တဲ့အခါ အရပ်သားထက်စာရင် တပ်က ပုဂ္ဂိုလ်ကို ဝန်ကြီးခန့်အပ်လိုက်ရင် ပြောရဆိုရ ပိုကောင်းပြီး တပ်တွေအပေါ်မှာလည်း ဩဇာပိုညောင်းမှာဖြစ်သလို စစ်ဆင်ရေးတွေ ပိုအောင်မြင်လိမ့်မယ်လို့ ဖြေကြားထားတာပါ။

နိုင်တလနိုင်ကတော့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ စစ်တပ်က လူကို ဝန်ကြီးချုပ် ခန့်အပ်တာဟာ ငြိမ်းချမ်းရေး လိုချင်တာ မဟုတ်ဘဲ ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်‌အောင် တမင်လုပ်နေတာလို့ ပြောပါတယ်။

“စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ဘက်ကနေ စေလွှတ်မယ့် စစ်ခေါင်းဆောင်ကို သူက ဝန်ကြီးချုပ်ခန့်ထားမယ်။ အဲဒီအခါကျရင် စစ်ဆင်ရေးလုပ်ငန်းတွေ ဖော်ဆောင်တဲ့အခါ ပိုလွယ်မယ်လို့ ပြောတာကို ကြည့်ချင်းအားဖြင့် သူတို့က အမှန်တကယ် ငြိမ်းချမ်းရေးကို လိုချင်တာ မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေနဲ့ စစ်ဖြစ်နေရတဲ့ဟာ ပြည်တွင်းစစ်ကို အဆုံးမသတ်အောင် တမင်လုပ်နေတယ်ဆိုတဲ့ဟာမျိုး အရမ်းသိသာလွန်းတယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စစ်တပ်ဟာ နိုင်ငံရေးကနေ ထွက်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို ခွင့်ပြုပေးရမယ်လို့ သူက ထောက်ပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံစရာမလိုဘဲ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ သက်ဆိုင်ရာ လွှတ်တော်အလိုက် နေရာရထားသလို ကာကွယ်ရေးနဲ့ ပြည်ထဲ‌ရေးအပါအဝင် နယ်စပ်လုံခြုံရေးမှာလည်း တပ်က လူတွေနဲ့ ဝန်ကြီးခန့်အပ်ခွင့် ရရှိထားတာပါ။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက‌နေ ပေါ်လာမယ့် လွှတ်တော်နဲ့ အစိုးရကို ရင်ဆိုင်ရတော့မယ့် အခင်းအကျင်းနဲ့ပတ်သက်ပြီး လုပ်ရမယ့် အလုပ်တွေကို သွေဖယ်မသွားဖို့ အရေးကြီးတယ်လို့ ကိုအေးမင်းထွန်းက မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-USDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.