ဝါရှင်တန်၊ မတ် ၅
အိန္ဒိယသမုဒ္ဒရာထဲရှိ အီရန် စစ်သင်္ဘော တစ်စီးကို အမေရိကန် ရေငုပ်သင်္ဘောက ပစ်ခတ် နှစ်မြှုပ်ပစ်နိုင်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆေ့ချ်က ပြောပါတယ်။
အီရန် စစ်သင်္ဘောဟာ မတ်လ ၃ ရက်က တော်ပီဒိုနဲ့ ပစ်ခတ်ခံရပြီး တိတ်တဆိတ် နစ်မြုပ်သွားခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
Iris Dena လို့ အမည်ရတဲ့ အီရန် သင်္ဘောတစ်စီးက မတ်လ ၄ ရက် မနက်ပိုင်းမှာ ဒုက္ခရောက်နေကြောင်း သတင်းပေးပို့မှုကြောင့် သီရိလင်္ကာ ရေတပ်က တုံ့ပြန်ခဲ့ရကြောင်း အရာရှိတွေက ပြောကြားပြီးနောက် ဝန်ကြီး ဟက်ဆေ့ချ်ရဲ့ အခုလို အသိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီ အီရန် စစ်သင်္ဘောဟာ သီရိလင်္ကာ တောင်ဖက်ကမ်းရိုးတန်းနဲ့ ၂၅ မိုင်အကွာမှာ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီ သင်္ဘောဆီက အလောင်း ၈၀ ကို ကယ်ဆယ်ရေးသမားတွေက ဆယ်ယူရရှိထားကြောင်း သီရိလင်္ကာ ကာကွယ်ရေးအရာရှိ တစ်ဦးက ပြောပါတယ်။
နောက်ထပ် ၃၂ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရိလင်္ကာ ရေတပ်က သတင်းထုတ်ပြန်ပါတယ်။
Iris Dena သင်္ဘောရဲ့ စာရွက်စာတမ်းတွေအရ အဲဒီ သင်္ဘောပေါ်မှာ လူ ၁၈၀ လောက် လိုက်ပါလာတာလို့ ယုံကြည်ရကြောင်း သီရိလင်္ကာ ရေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အသက်ရှင်သူတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကြောင့် တောင်ပိုင်း ဆိပ်ကမ်းမြို့ ဂေါ်လီရှိ ဆေးရုံသို့ တင်ပို့ထားရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဂျီဟာ ဟီရာ့သ်က ပြောပါတယ်။
နိုင်ငံတကာ ရေပြင်မှာ သူ့ကိုယ်သူ ဘေးကင်းတယ်လို့ ထင်ထားတဲ့ အီရန် သင်္ဘော တစ်စီးကို အမေရိကန် ရေငုပ်သင်္ဘောက ပစ်ခတ် နှစ်မြှုပ်ပစ်ခဲ့တယ်လို့ ဟက်ဆေ့ချ်က မတ်လ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရန်သူ သင်္ဘော တစ်စီးကို တော်ပီဒိုနဲ့ ပထမဆုံး ပစ်ခတ် ရှင်းလင်းမှု ဖြစ်တယ်လို့လည်း သူက အတည်ပြုထားပါတယ်။
အီရန်သင်္ဘောရဲ့ တည်နေရာဟာ မိမိတို့ ရေပြင်နဲ့ ဝေးကွာတဲ့ နေရာဖြစ်ပေမယ့် နိုင်ငံတကာဥပဒေအရ တာဝန်ရှိတဲ့အတိုင်း ကူညီ ကယ်ဆယ်ပေးခဲ့တာ ဖြစ်တယ်လို့ သီရိလင်္ကာ ရေတပ်က ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ တပ်တော်ဝင်ခဲ့တဲ့ Iris Dena သင်္ဘောဟာ အီရန်တောင်ပိုင်း ရေယာဉ်အုပ်စုနဲ့ ဆက်နွယ်မှု ရှိပြီး ဟောမု့ဇ် ရေလက်ကြားနဲ့ အိုမန် ပင်လယ်ကွေ့မှာ ချထားဖို့ တာဝန်ပေးထားတဲ့ ဖျက်သင်္ဘော ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပဉ္စမမြောက်နေ့ ဆက်လက် တိုက်ခိုက်နေချိန်မှာ အီရန် ရေတပ် သင်္ဘော နစ်မြုပ်သွားခဲ့တာပါ။
အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ သီရိလင်္ကာဟာ ကြားနေနေဆဲ ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီအတွက် သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးက ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ထားပါတယ်။
Ref:BBC

