ဘေဂျင်း၊ မတ် ၃
တရုတ်ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေး အဖွဲ့ရဲ့ ဥပဒေပြုရေးအဖွဲ့က စစ်ဗိုလ်ချုပ် ၉ ဦးအထိ ထုတ်ပယ်လိုက်ပြီးနောက် ဗိုလ်ချုပ် ၃ ဦးကိုလည်း မဲခွဲဆုံးဖြတ် ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
နှစ်စဉ် ကျင်းပတဲ့ နိုင်ငံရေး ညီလာခံအတွက် နိုင်ငံတဝှမ်းလုံးက တရုတ် အရာရှိတွေ တွေ့ဆုံချိန် တရုတ်က ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို နှိမ်နှင်းမှု အရှိန်မြှင့်တင်ထားချိန်မှာ အခုလို စစ်ဗိုလ်ချုပ် ၃ ဦး ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ ဥပဒေပြုရေး ထိပ်တန်းအဖွဲ့ ဖြစ်တဲ့ နိုင်ငံတော် ပြည်သူ့လွှတ်တော်နဲ့ သီးခြား နိုင်ငံရေး အကြံပေးအဖွဲ့ရဲ့ အစည်းအဝေးတွေကို သီတင်းတစ်ပတ်ကြာ ကျင်းပသွားဖို့ ရှိနေပါတယ်။
အဲဒီ နိုင်ငံရေး အကြံပေးအဖွဲ့က အငြိမ်းစား ဗိုလ်ချုပ်တွေ ဖြစ်တဲ့ ဟန်ဝေကူ၊ လွီလေနဲ့ ကျာအိုကျန်းတို့ကို ဖယ်ရှားလိုက်ကြောင်း ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။
တခြား အဖွဲ့ဝင်နှစ်ဦးကိုလည်း မဲခွဲဆုံးဖြတ် ဖယ်ရှားခဲ့ပြီး နောက်ထပ် ၁၀ ဦးကိုလည်း တရားဝင် ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
စစ်ဖက်ဆိုင်ရာ အရာရှိ ၉ ဦး အပါအဝင် တရုတ် နိုင်ငံတော် ပြည်သူ့ လွှတ်တော်က သူတို့ရဲ့ ကိုယ်စားလှယ် ၁၉ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီ အရာရှိတွေကို ထုတ်ပယ်ရတဲ့ အကြောင်းရင်းကို တရုတ် နိုင်ငံတော် ပြည်သူ့ လွှတ်တော်က လျှို့ဝှက်ထားပါတယ်။
အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီး ဝန်ကျန်းရှီလည်း ထုတ်ပယ်ခံရပြီး အကျင့်ပျက် ခြစားမှုနဲ့ စုံစမ်း စစ်ဆေးခံရအပြီးမှာ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။
သမ္မတ ရှီကျင့်ဖျင်က အကျင့်ပျက်ခြစားမှုဟာ အာဏာရ အလုပ်သမားပါတီအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်တယ်လို့ ပြောဆိုပြီး အခုလို ထိပ်တန်း အရာရှိတွေကို ထုတ်ပယ် နေတာ ဖြစ်ပါတယ်။
သူ့ရဲ့ လုပ်ရပ်ဟာ နိုင်ငံရေး ပြိုင်ဖက်တွေကို ကြိုတင် ရှင်းလင်းနေတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
တရုတ် စစ်တပ်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်နေတာကို ရှီကျင့်ဖျင်က ချီးကျူးထား ပါတယ်။
Ref:AFP

