ရေး၊ ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ် ရေးမြို့နယ်နဲ့သံဖြူဇရပ်မြို့နယ်ရှိ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး – သံဖြူဇရပ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ ရေး – သံဖြူဇရပ်လမ်းပိုင်းက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည် ဖြစ်ပွားနေတာပါ။
စစ်ကော်မရှင်တပ်ဟာ ရေး- သံဖြူဇရပ်လမ်းပိုင်းက နှစ်ကရင်၊ ကနင်းကမော့၊ စံပြ၊ ဘေးလမိုင်း၊ အောင်သပြေ၊ အောင်သာယာ၊ ရွာသစ်၊ ဇာကတိုက်၊ ကွမ်ကျိုက်နဲ့ဆုံဆည်းမြိုင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ထိုးစစ်ဆင်မှုဟာ အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး – သံဖြူဇရပ်လမ်းပိုင်း ပြန်လည်စိုးမိုးရေးအတွက် ကြိုးပမ်းတာ ဖြစ်နိုင်တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ ဖုန်း၊ ငွေကြေးနဲ့စားသောက်ကုန်တွေကအစ ယူဆောင်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်း ရေး – သံဖြူဇရပ်လမ်းပိုင်းကို လက်လွှတ်ထားရတဲ့ စစ်ကော်မရှင်တပ်ဟာ လက်နက်ခဲယမ်းနဲ့ တင်အင်အား ဖြည့်တင်းမှုတွေကို ရေးလမ်းကြောင်းကနေ အဓိက အသုံးပြုနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

