သရက်ချောင်း၊ ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်ပိုင်းကစလို့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့  အချက်အလက်တွေအရ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း သရက်ချောင်းမြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်း လေကြောင်းဗုံးကြဲခံခဲ့ရတာပါ။

အဲဒီထဲမှာ နှစ်ဖက်စစ်ရေး ပဋိပက္ခပြင်းထန်နေတဲ့ ဝင်းဝ၊ စုံစင်ဖျား၊ ကနက်သီရိ၊ မင်းဒပ်နဲ့သဲချောင်းကြီးကျေးရွာတို့ဟာ အနည်းဆုံး နှစ်ကြိမ်ထက်မနည်း ဗုံးကြဲခံထားရပါတယ်။

စစ်ကော်မရှင်ဘက်က ကျေးရွာတွေကို ဗုံးကြဲရာမှာ ဂျက်ဖိုက်တာ၊ Y 12၊ Y 8 လေယာဉ်တွေ အသုံးပြုပြီး ဗုံးအလုံးရေ ၆၀ ထက်မနည်း အသုံးပြုခဲ့သလို စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုအတွင်း အရပ်သား သုံးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ငါးဦး ကျော် ထိခိုက်ဒဏ်ရာရရှိထားသလို မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်က သရက်ချောင်းမြို့နယ်ရှိ သဲချောင်းကြီး၊ စုံစင်ဖျားကျေးရွာတို့ကို စစ်ကြောင်းထိုးနေသလို တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း ဝင်းဝစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် စစ်ရေးပြင်းထန်နေပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့အတူ လေကြောင်းဗုံးကြဲတာတွေကြောင့် ကျေးရွာပေါင်း ၂၀ က ဒေသခံပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး မြိတ်-ထားဝယ်ကားလမ်းပိတ်ထားတာ ရက်ပေါင်း ၂၀ နီးပါးရှိလာပြီးဖြစ်တယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.