နေပြည်တော်၊ဖေဖော်ဝါရီ ၂၇
စစ်တပ် ဦးဆောင်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးမှာ လူငယ်တွေ ပါဝင်မဲပေးမှု ရာခိုင်နှုန်း များပြားခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်က ၂၀၂၅- ၂၀၂၆ အထွေထွေရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေနဲ့ မတူညီဘဲ အခက်အခဲအမျိုးမျိုးကြားကနေ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိပြီး မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိကာ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ဖော်ပြပါတယ်။
မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရဲ့ အသက်အရွယ်အပိုင်းအခြားမှာ ၁၈ နှစ်မှ ၃၀ နှစ်ကြား ၂၄ ရာခိုင်နှုန်း၊ ၃၀ နှစ်မှ ၄၀ နှစ်ကြား ၂၁ ရာခိုင်နှုန်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၄၀ နှစ်မှ ၅၀ နှစ်ကြား ၂၀ ရာခိုင်နှုန်း၊ ၅၀ နှစ်မှ ၆ဝ နှစ်ကြား ၁၇ ရာခိုင်နှုန်း၊ ၆၀ နှစ်မှ ၇၀ ကြား ၁၁ ရာခိုင်နှုန်း၊ ၇၀ နှစ်အထက် ၇ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းက ဆန္ဒမဲလာရောက်ပေးကြရာမှာလည်း လူငယ်တွေ ပါဝင်ဆန္ဒမဲပေးမှု များပြားကြောင်း တွေ့ရှိရတဲ့အတွက် လူငယ်တွေအနေနဲ့ နိုင်ငံ့အရေးကို ပိုစိတ်ဝင်စားမှု ရှိလာတယ်လို့ ဆိုထားပါတယ်။
Data For Myanmar ရဲ့ အစီရင်ခံစာအရ ရွေးကောက်ပွဲမှာ ဝန်ထမ်းတွေနဲ့ မိသားစုတွေအနေနဲ့ မဲမပေးရင် လက်ရှိ ရာထူးအပြင် ရာထူးတိုးမှုအတွက် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်လို့ မဲပေးခဲ့ကြရပြီး ကျေးလက်ဒေသတချို့မှာလည်း အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေကို မဲသွားပေးဖို့ ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ ကျေးလက်နေပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ မိတ်မပျက်ချင်သူတွေ မဲမပေးရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်လို့ မဖြစ်မနေ မဲသွားပေးရတာတွေလည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
သတင်း – သံလွင်တိုင်းမ်

