အူဘီရာ၊ ဖေဖော်ဝါရီ ၂၈

AFC/M23 လက်နက်ကိုင်အဖွဲ့ ဆုတ်ခွာသွားပြီးနောက် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း အူဘီရာမြို့မှာ အလောင်း ၁၇၂ လောင်းထက်မနည်း ပါဝင်တဲ့ အစုလိုက်အပြုံလိုက် မြေမြှုပ်ထားရာနေရာ နှစ်ခုကို တွေ့ရှိထားကြောင်း အကြီးတန်း အရာရှိ တစ်ဦးက ပြောပါတယ်။

ဘူရွန်ဒီနိုင်ငံ နယ်စပ် အနီးရှိ တန်ဂန်ယီကာ ရေကန်ကြီးပေါ်မှာ တည်ရှိတဲ့ ခရီးတစ်ထောက်နား စုရပ်နေရာ အူဘီရာမြို့ကို AFC/M23 လက်နက်ကိုင်တွေက ဒီဇင်ဘာလ အတွင်း ခေတ္တသိမ်းပိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့လမှာ ကွန်ဂို စစ်တပ်က အဲဒီ ဒေသသို့ ဝင်ရောက်လာပြီး အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် သီတင်း တစ်ပတ်ကြာပြီးနောက်မှာ အဲဒီ မြို့ကနေ လက်နက်ကိုင်တွေ ဆုတ်ခွာသွားခဲ့ပါတယ်။

AFC/M23 လက်နက်ကိုင် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လောရင့်စ် ကန်ယူကာက အဲဒီမြို့ကို သူတို့အဖွဲ့ ထိန်းချုပ်ထားချိန်အတွင်း အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ နေရာတွေကို သတိမထားမိဘူးလို့ ပြောကြားပြီး သူတို့အဖွဲ့ကို သိက္ခာချချင်တာကြောင့် အစိုးရက ဝါဒ ဖြန့်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ သေဆုံးမှုတွေရဲ့ အခြေအနေတွေကို လွတ်လပ်စွာ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

အူဘီရာမြို့ တည်ရှိရာ တောင်ကီဗူပြည်နယ် အုပ်ချုပ်ရေးမှူးက ကီလိုမိုနီနဲ့ ကာဗင်ဗီရာ ဒေသတွေမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ အလောင်းတွေ တွေ့ရှိတာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

အလောင်းတွေ မြှုပ်ထားတဲ့ နေရာ တစ်ခုမှာ အလောင်း ၃၁ လောင်း တွေ့ရှိပြီး တခြားတစ်နေရာမှာ ၁၄၁ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ သူ့ရဲ့ ပြောကြားချက်ကို နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာကြေညာပါတယ်။

အူဘီရာမြို့နဲ့ ၅ မိုင်ဝေးတဲ့ ကာဘင်ဘာကျေးရွာမှာ အလောင်းတွေ အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဒေသခံ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာရှော်ရီ အမ်ဝင်ဒူလီက ပြောပါတယ်။

M23လက်နက်ကိုင် အဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ အူရီဘာမြို့မှာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဒီဇင်ဘာလအတွင်း အစီရင်ခံခဲ့ပါတယ်။

အူရီဘာမြို့ကို လက်နက်ကိုင်တပ်တွေ မထိန်းချုပ်ခင်ကရော သူတို့ ဆုတ်ခွာပြီးနောက်မှာရော ကွန်ဂို စစ်တပ်ကပါ ဥပဒေချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အလျင်အမြန် ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း AFC/M23 အဖွဲ့က ဂိုမာနဲ့ ဘူကာဗူမြို့တို့ကို သိမ်းပိုက်ပြီးနောက် မြောက်ပိုင်းနဲ့ တောင်ပိုင်း ပြည်နယ်အများကို သိမ်းယူခဲ့ ပါတယ်။

အဲဒီ လက်နက်ကိုင် အဖွဲ့ကို ထောက်ပံ့ ကူညီနေတယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အနောက် အင်အားကြီး နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကို ရဝမ်ဒါနိုင်ငံက ပယ်ချထားပါတယ်။

ကာတာနဲ့ အမေရိကန် အပါအဝင် နိုင်ငံအများက ကြားဝင် ညှိနှိုင်းပေးနေပေမယ့် ကွန်ဂို နိုင်ငံ အရှေ့ပိုင်းမှာ မကြာသေးခင် သီတင်းပတ်တွေက တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.