ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈
နျူကလီးယား ညှိနှိုင်းဆွေးနွေးမှုများအတွင်း အီရန်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၂၇ ရက်က ပြောလိုက်ပါတယ်။
အီရန်ကို အမေရိကန်က တိုက်ခိုက်နိုင်ခြေရှိနေချိန် အစ္စရေး အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်ရဲ့ အရေးကြီး မဟုတ်တဲ့ ဝန်ထမ်းတွေကို ပြန်လည် ခေါ်ယူမှုတွေ လုပ်ဆောင်နေပါတယ်။
အီရန်ကို အမေရိကန် တိုက်ခိုက်မှုဟာ မလွဲဧကန် ဖြစ်လာနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ များနေချိန်မှာ အီရန်နိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။
ထရန့်က အရှေ့အလယ်ပိုင်းမှာ ကမ္ဘာအကြီးမားဆုံး လေယာဉ်တင် သင်္ဘော အပါအဝင် ဆယ်စုနှစ်ပေါင်း များစွာအတွင်း အကြီးမားဆုံး ရေတပ်အင်အား ချထားပါတယ်။
အီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေအတွက် လိုက်လျောမှုတွေ လုပ်ဆောင်ဖို့ ထရန့်က တီဟီရန်ကို ပြောထားပါတယ်။
ဂျီနီဗာမြို့မှာ အီရန်နဲ့ အမေရိကန် ဆွေးနွေးပြီးနောက် တစ်ရက်အကြာမှာ ဘာသာရေးခေါင်းဆောင် အုပ်ချုပ်နေတဲ့ နိုင်ငံဟာ မိမိတို့ ရရှိအောင် လုပ်ဆောင်ရမယ့် အရာကို ပေးဖို့ ဆန္ဒ မရှိ ဖြစ်နေတယ်လို့ ပြောလာတာပါ။
သူတို့ ညှိနှိုင်းနေတဲ့ ပုံစံနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မပျော်ရွှင်တာ အသေအချာပါပဲ။ သူတို့ အနေနဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်လို့ မရပါဘူး။ သူတို့ ညှိနှိုင်းနေတဲ့ ပုံစံကို ကျွန်တော်တို့ သဘောမကျပါဘူးလို့ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။
နျူကလီးယား လက်နက် ထုတ်လုပ်မှုဆီ ဦးတည်သွားနိုင်တဲ့ ယူရေနီယံ သန့်စင်မှု အားလုံးကို အီရန်အနေနဲ့ ရပ်တန့်ရမယ်လို့ ထရန့်က ဆိုပါတယ်။
ဒီအတောအတွင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အေဂျင်စီက အီရန်အနေနဲ့ ယူရေနီယံ သန့်စင်မှု အားလုံး ရပ်ဆိုင်းလိုက်ပြီလားဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ပြောထားပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံကြား ကြားဝင်ညှိနှိုင်းပေးနေတဲ့ အိုမန်နိုင်ငံက အီရန်အနေနဲ့ ယူရေနီယံ ပိုင်ဆိုင်ထားမှု သုည ဖြစ်စေရေး သဘောတူထားတယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိ သန့်စင်ထားပြီးသား ယူရေနီယံတွေကို လောင်စာအဖြစ် အဆင့်လျှော့ချဖို့လည်း အီရန်က သဘောတူထားတယ်လို့ အိုမန် နိုင်ငံခြားရေးဝန်ကြီး ဘာဒါ အယ်လ်ဘူဆိုင်ဒီက ပြောပါတယ်။
ဝါရှင်တန်မှာ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ တွေ့ဆုံပြီးနောက် သူက အခုလိုမျိုး ပြောဆိုလာတာပါ။
ဝန်ကြီး ဘာဒါ အယ်ဘူဆိုင်ဒီကတော့ အမေရိကန်နဲ့ အီရန်ကြား သဘောတူညီမှု ရရှိနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်က ဒေသတွင်းရှိ အမေရိကန် အစိုးရဝန်ထမ်းတွေကို ဆက်တိုက်ဆိုသလို ပြန်လည် ခေါ်ယူနေမှုကြောင့် မကြာခင်မှာပဲ အီရန်ကို တိုက်ခိုက်တော့မယ်ဆိုတဲ့ ပြောဆိုမှုတွေ ပိုများလာနေပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာကို အီရန် အာဏာပိုင်တွေက ပစ်သတ်ခဲ့ပြီးနောက် သီတင်းပတ် များစွာအကြာမှာ အမေရိကန်က အခုလိုမျိုး ဖိအား ပေးနေတာ ဖြစ်ပါတယ်။
အမေရိကန်က အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို သတ်ပစ်လိုက်မယ်ဆိုရင်လည်း အီရန် အစိုးရ ပြိုလဲဖို့ မရှိဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောထား ပါတယ်။
အမေရိကန်နဲ့ တိုက်ခိုက်မှုကြောင့် အီရန် အစိုးရ ပြုတ်ကျသွားမှာလား ဆိုတာကို ဘယ်သူမှ မသိဘူးလို့ ထရန့်က ပြောပါတယ်။
အီရန်က ၂၀၁၅ ခုနှစ်အတွင်း ယူရေနီယံ သန့်စင်မှု လျှော့ချဖို့ သဘောတူညီခဲ့ပေမယ့် ထရန့်ရဲ့ ပထမ သမ္မတ သက်တမ်းအတွင်း အဲဒီ သဘောတူညီမှုကနေ အမေရိကန်ကို နုတ်ထွက်ခိုင်းခဲ့ပါတယ်။
Ref:AFP

