တီဟီရန် ဖေဖော်ဝါရီ ၂၈

အမေရိကန်နဲ့ အစ္စရေး တပ်ဖွဲ့တွေဟာ အီရန်နိုင်ငံအတွင်းက သူတို့ သတ်မှတ်ထားတဲ့ပစ်မှတ်တွေကို လေကြောင်းနဲ့ရော မစ်ဇိုင်းဒုံးကျည်တွေနဲ့ပါ စုပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းကစလို့ မြို့တော် တီဟီရန်အပါအဝင် မြို့တချို့မှာ ပေါက်ကွဲသံတွေ ကြားရပြီး မီးခိုးတန်းတွေ မြင်တွေ့ရကြောင်း မျက်မြင်သက်သေတွေက ပြောဆိုနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗီဒီယိုမိန့်ခွန်းတစ်ခုကတဆင့် “အကြီးမားဆုံး စစ်ဆင်ရေး” ကို စတင်လိုက်ကြောင်း ကြေညာခဲ့ပြီး အီရန်ရဲ့ ဒုံးကျည်နဲ့ စစ်ရေးစွမ်းအားတွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတယ်လို့ပြောပါတယ်။

“အမေရိကန်စစ်တပ်ဟာ အီရန်အပေါ် ကြီးမားတဲ့ တိုက်ခိုက်မှုကို စတင်လိုက်ပြီ”လို့လည်း ထရန့်က ပြောဆိုထားပါတယ်။

တိုက်ခိုက်မှုအပြီး မကြာမီ အီရန်ဘက်ကနေလည်း ဒရုန်းတွေ မစ်ဇိုင်းတွေနဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။ အစ္စရေးမြောက်ပိုင်းဒေသတွေမှာ လေကြောင်းအန္တရာယ်သတိပေးသံတွေ ထွက်ပေါ်ခဲ့ပြီး ပြည်သူတွေအနေနဲ့အကာအကွယ်နေရာတွေကို ဝင်ရောက်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပင်လယ်ကမ်းရိုးတန်းဒေသထဲက အမေရိကန်တပ်စခန်းတွေ တည်ရှိရာ ဘာရိန်းနဲ့ အဘူဒါဘီ၊ ဒိုဟာမြို့တို့မှာလည်း ပေါက်ကွဲသံတွေ ကြားရကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ အီရတ်နိုင်ငံ တောင်ပိုင်းရှိ ဟာ့ရှ်အယ်ရှာဘီအဖွဲ့နဲ့ဆက်နွယ်တဲ့ စစ်စခန်းတစ်ခုကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာတချို့မှာဖော်ပြပါတယ်။

လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် ဒေသတွင်း စစ်ရေးတင်းမာမှု ပိုမိုတက်မြင့်လာနိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.