အယ်လ်အယ်တို၊ ဖေဖော်ဝါရီ ၂၈
ဘိုလီးဗီးယား လေတပ် ကုန်တင်လေယာဉ် တစ်စီး နိုင်ငံအနောက်ပိုင်း အယ်လ်အယ်တိုမြို့မှာ ပျက်ကျပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆန်တာခရု့ဇ်မြို့ကနေ အယ်လ်အယ်တိုမြို့သို့ ရောက်ရှိချိန် ဖေဖော်ဝါရီ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်မှာ လေယာဉ် ပျက်ကျခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဘိုလီးဗီးယား အရာရှိတွေက ပြောပါတယ်။
လေယာဉ်ဟာ ပြေးလမ်းချော်ပြီ အနီးအနားရှိ ယာဉ်တွေကို တိုက်မိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘိုလီးဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက C-130 ဟာကျူလီ လေယာဉ်ပျက်ကျခဲ့တာ ဖြစ်ပြီး ဘိုလီးဗီးယား ဗဟိုဘဏ်အတွက် ငွေစက္ကူတွေ တင်ဆောင်လာတဲ့ လေယာဉ် ဖြစ်ကြောင်း နောက်ပိုင်းမှာ အတည်ပြုထားပါတယ်။
လေယာဉ်ပေါ်မှာ လူ ၈ ဦး လိုက်ပါလာတာ ဖြစ်တယ်လို့ လေတပ် တပ်မှူးက ပြောကြားခဲ့ ပါတယ်။
ပြန့်ကြဲနေတဲ့ ငွေစက္ကူတွေကို ရယူဖို့ကြိုးစားတဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ရပါတယ်။
ဗီဒီယို ပုံရိပ်တွေမှာ အဲဒီ လေယာဉ်ကို မြေပြင်ပေါ်မှာ တွေ့ရပြီး အနီးအနားမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေတဲ့ မော်တော်ကားတွေကို တွေ့မြင်ရပါတယ်။
နောက်ထပ် ဗီဒီယို ဖိုင်တွေမှာတော့ ရဲတပ်ဖွဲ့က တန်းစီပြီး မျက်ရည်ယိုဗုံးတွေ ပစ်ခတ်နေတာနဲ့ ထွက်ပြေးနေသူတွေကို တွေ့မြင်ရပါတယ်။
လူအုပ်ထဲက တချို့က ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေတာကိုလည်း ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
အဲဒီဖြစ်ရပ်ကို သတင်းထောက်တွေက သတင်းတင်ဆက်နေချိန်မှာ ငွေစက္ကူတွေ ခိုးယူဖို့ ကြိုးစားသူတွေက မီဒီယာသမားတွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
လူအုပ်ကြီးရဲ့ တိုက်ခိုက်မှုကြောင့် ဂျာနယ်လစ်တွေ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဘိုလီးဗီးယား ရုပ်သံ သတင်းတင်ဆက်သူတွေက ပြောပါတယ်။
ငွေစက္ကူတွေ ခိုးယူမှုနဲ့ ပတ်သက်လို့ လူတစ်ဒါဇင်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဘိုလီးဗီးယား အစိုးရပိုင် ရုပ်သံလိုင်းက ပြောပါတယ်။
လေယာဉ် ပျက်ကျမှု အတွင်း ထိခိုက်ဒဏ်ရာရသူ ၃၁ ဦး ရှိပြီး သွေလှူဒါန်း ပေးကြဖို့ ဘိုလီးဗီးယား အစိုးရက ပန်ကြားထားပါတယ်။
လေယာဉ် ပျက်ကျမှု ဖြစ်ပြီးနောက် အယ်လ်အယ်တို လေဆိပ်ကို ယာယီ ပိတ်ထားကြောင်း သိရပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိပေမယ့် အဲဒီ အချိန်က ရာသီဥတု အခြေအနေ ဆိုးနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အဲဒီ ဖြစ်ရပ်ကို ဘိုလီးဗီးယား စစ်တပ်ကရော အစိုးရကပါ စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
Ref:BBC

