ဝါရှင်တန်၊ မတ် ၂
အီရန်ရဲ့ သြဇာ အာဏာကြီးမားတဲ့ တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ ဌာနချုပ်ကို ဖျက်ဆီးလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်က ကြေညာပြီးနောက် သမ္မတ ဒေါ်နယ် ထရန့်က အီရန် စစ်ပွဲ တစ်လလောက်အထိ ကြာနိုင်တယ်လို့ မတ် ၁ ရက်က ပြောလိုက်ပါတယ်။
အစ္စရေးကတော့ အမေရိကန်နဲ့ ပူးပေါင်းစစ်ဆင်ရေးတွေကြောင့် အီရန်ရဲ့ ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေး အခြေအနေအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
အီရန် ထိပ်တန်းခေါင်းဆောင် သေဆုံးသွားပြီးနောက် အရှေ့အလယ်ပိုင်း ဒေသတဝှမ်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး ကမ္ဘာ့စီးပွားရေး အခြေအနေ ပိုပြီး မတည်မငြိမ် ဖြစ်လာပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်ကို တိုက်ခိုက်မှုကြောင့် သင်္ဘောနဲ့ ပို့ဆောင်ရေးကနေ၊ လေကြောင်း သွားလာရေးနဲ့ ရေနံ ရောင်းချမှုအထိ ထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန် အရာရှိတွေကတော့ အီရန် စစ်ဆင်ရေး ရက်ပေါင်းများစွာကြာမြင့်နိုင်တယ်လို့ ပြောထားပါတယ်။
Daily Mail သတင်းဌာနနဲ့ သီးခြား အင်တာဗျူး တစ်ခုမှာ ဒေါ်နယ် ထရန့်က အီရန်ကို တိုက်ခိုက်မှု သီတင်း လေးပတ်လောက် ကြာနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။
အီရန်နဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ထရန့်က ပြောပေမယ့် မကြာခင် ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာမှာလား ဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။
အမေရိကန် စစ်တပ်က အီရန် ရေတပ်ကို စတင်နှစ်မြှုပ်နေပြီ ဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် ခေါင်းဆောင် ၄၈ ဦး သေဆုံးပြီ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။
အီရန် စစ်သင်္ဘော ၉ စီးကို ရှင်းလင်းပစ်နိုင်ခဲ့ပြီး လက်ကျန် သင်္ဘောတွေကို ရှင်းလင်းရေး ဆက်လက် ကြိုးပမ်းနေတယ်လို့ ထရန့်က ဆိုတာပါ။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို ကြီးကြီးမားမား ထိုးစစ်ဆင် တိုက်ခိုက်ရေး ထရန့်က အမိန့်ပေးခဲ့ပြီးနောက် အမေရိကန် လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေက အီရန် ပစ်မှတ် ၁၀၀၀ ကျော်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန်ရဲ့ အခိုင်အမာ ကာကွယ်ဖို့ ပြင်ဆင်ထားတဲ့ မြေအောက် ဒုံးကျည် အဆောက်အဦတွေကို အမေရိကန် B-2 ကိုယ်ပျောက် လေယာဉ်တွေက ဗုံးကြဲ တိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။
ဒီအတောအတွင်း အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သားများ သေဆုံးမှု ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် သေဆုံးမှု အရေအတွက် အတိအကျကို အမေရိကန်က ထုတ်ပြန်မှု မရှိပါဘူး။
အီရန်ကို အမေရိကန်က စတင်တိုက်ခိုက်ပြီးနောက်မှာ အီရန်က ယူအေအီး၊ ကာတာနဲ့ ကူဝိတ် အပါအဝင် အမေရိကန် စစ်စခန်းတွေရှိရာ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို တိုက်ခိုက်ခဲ့ ပါတယ်။
ဒီအတောအတွင်း ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာက အမေရိကန်အနေနဲ့ သူတို့ရဲ့ စစ်အခြေစိုက်စခန်းတွေကို ကာကွယ်ဖို့ မိမိတို့ရဲ့ စစ်အခြေစိုက် နေရာတွေကို အသုံးပြုခွင့်ပေးတယ်လို့ ပြောထားပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်နေချိန်မှာ ဗြိတိန်က တိုက်ခိုက်မှု အတွင်း ပါဝင်လာပေမယ့် ခုခံစစ် သက်သက်ပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။
အင်ဒိုနီးရှား သမ္မတက အမေရိကန်နဲ့ အီရန်ကြား ကြားဝင် ညှိနှိုင်းပေးမယ်လို့ ပြောထားပြီး မလေးရှားက အရေးတကြီးမဟုတ်ရင် အရှေ့အလယ်ပိုင်းသို့ ခရီးမသွားကြဖို့ သူတို့ နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။
အီရန်ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှု အတွင်း နိုင်ငံ့ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးမှုအတွက် လက်တုံ့ပြန်မယ်လို့ ကြွေးကြော်ထားပါတယ်။
Ref:BBC/Agencies

