ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၇

လူ ၁၆ ဦးကို သေဒဏ်ချမှတ်မှုနဲ့အတူ နယ်စပ် ဖြတ်ကျော် အွန်လိုင်း လိမ်လည်မှုတွေနောက်ကွက်မှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံ အခြေစိုက် ရာဇဝတ်ဂိုဏ်းကြီး နှစ်ဂိုဏ်းကိုအပြီးတိုင် ဖြိုခွင်းပြီး ဖြစ်ကြောင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်း တရားရုံးက ဖေဖော်ဝါရီ ၂၆ ရက်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက ရာဇဝတ်လုပ်ငန်း ကွန်ရက်တွေကို ထိန်းချုပ်ထားတဲ့ မိသားစု လေးစုထဲက မြီနဲ့ ပယ်မိသားစု နှစ်စု ပါဝင်တဲ့ အမှုတွေ ကြားနာစစ်ဆေး စီရင်ချမှတ်ပြီး ဖြစ်ကြောင်း တရုတ် နိုင်ငံတော် ပြည်သူ့တရားရုံးက ပြောဆိုပါတယ်။

သေဒဏ်ချမှတ်ခံရသူ ၁၆ ဦး အပါအဝင် လူ ၃၉ ဦးဟာ တစ်သက်တစ်ကျွန်း ထောင်ဒဏ်နဲ့ ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ တရုတ် နိုင်ငံတော် ပြည်သူ့တရားရုံး ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီ နယ်စပ် ဖြတ်ကျော် လက်နက်ကိုင် ရာဇဝတ် အဖွဲ့နှစ်ဖွဲ့ကို လုံးဝဖြိုခွင်းပြီးပါပြီလို့ အဲဒီ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အကြီးတန်း ပုဂ္ဂိုလ်တွေ အပါအဝင် မြီနဲ့ပယ် ရာဇဝတ်ကောင်မိသားစုရဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မိသားစုဝင်တွေကို ဇန်နဝါရီ ၂၉ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်က ကွပ်မျက်ခဲ့တယ်လို့ တရုတ် အရာရှိတွေက ပြောပါတယ်။

၂၀၂၅ နှစ်ကုန်အထိ တရုတ်နိုင်ငံ တဝှမ်း တရားရုံးတွေက မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ ဆက်စပ်တဲ့ အွန်လိုင်လူလိမ်လုပ်ငန်းတွေမှာ ပါဝင်တဲ့ အမှုပေါင်း ၂၇၀၀၀ ကို အပြီးသတ် ကြားနာ စစ်ဆေးနိုင်ခဲ့တယ်လို့ တရုတ် နိုင်ငံတော် ပြည်သူ့တရားရုံးက ပြောပါတယ်။

အဲဒီလို အမှုတွေမှာ ပါဝင်တဲ့ အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းခံရသူ ၄၁၀၀၀ ကျော်ကို စီရင်ချက် ချမှတ်နိုင်ခဲ့တယ်လို့လည်း အဲဒီ တရားရုံးက ဆိုတာပါ။

အထူးသဖြင့် မြန်မာနဲ့ကမ္ဘောဒီးယား နယ်စပ်ဒေသတွေနဲ့ အရှေ့တောင်အာရှ တဝှမ်းရှိ အွန်လိုင်း လူလိမ်ဂိုဏ်းတွေကို တရုတ်က နှိမ်နှင်းနေချိန် အခု ပြစ်ဒဏ်ချမှတ်မှုတွေဟာ သူတို့ရဲ့ နောက်ဆုံး စီရင်မှု ဖြစ်ပါတယ်။

တချို့က အွန်လိုင်း လူလိမ်လုပ်ငန်းတွေဆီ ကိုယ့်သဘောနဲ့ကိုယ် ဝင်ရောက် လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပေမယ့် နိုင်ငံခြားသား အများအပြား ပြန်ပေးဆွဲခံရပြီး ခြိမ်းခြောက် အလုပ်စေခိုင်းခံခဲ့ရပါတယ်။

အခုလို အင်တိုက်အားတိုက် နှိမ်နှင်းနေပေမယ့်လည်း ဒေသတဝှမ်း အွန်လိုင်း လူလိမ်ဂိုဏ်းတွေ ကြီးမားတဲ့ အတိုင်းအတာနဲ့ လည်ပတ်နေဆဲ ဖြစ်ကြောင်း တရုတ် နိုင်ငံတော် ပြည်သူ့ တရားရုံး ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသွားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.