ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇
ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ မျှတမှု မရှိဘူးလို့ ထိုင်းနိုင်ငံရှိ မဲပေးသူ အများစု ခံစားနေကြရပြီး ရွေးကောက်ပွဲ ကျင်းပသူတွေဟာ ရွေးကောက်ပွဲ သန့်ရှင်းအောင် စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ဘူးလို့ ယုံကြည်ထားကြကြောင်း ဖေဖော်ဝါရီ ၂၇ ရက် စစ်တမ်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲဟာ တစ်နည်းနည်းနဲ့ ဒါမှမဟုတ် လုံးဝ မျှတမှု မရှိဘူးလို့ ပြည်သူ ၈၇ ဒသမ ၇ ရာခိုင်နှုန်းက ယုံကြည်ထားကြပြီး ၁၂ ဒသမ ၃ ရာခိုင်နှုန်းကပဲ ရွေးကောက်ပွဲ ရလဒ်ကို ကျေနပ်ကြောင်း ပြောကြားတယ်လို့ ဘုရင် ဖရာချာဒီပေါ့ အင်စတီကျု့ဒ် KPI ရဲ့ သဘောထား စစ်တမ်းမှာ ဖော်ပြထားပါတယ်။
သဘောထား စစ်တမ်းမှာ ဖော်ပြထားတဲ့ အဖြေတွေရဲ့ ကွာခြားချက်တွေက မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့သူတွေရဲ့ တိုက်ဆိုင်မှုရှိတဲ့ ပြဿနာကို ဖော်ပြနေတာ ဖြစ်တယ်လို့ KPI အထွေထွေ အတွင်းရေးမှူးချုပ် အစ်ဆာရာက ပြောပါတယ်။
မဲဝယ်ယူမှုတွေကို ကြိုတင်ကာကွယ်ရေး တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စွမ်းဆောင်ရည်အပေါ် မကျေနပ်သူ ၆၇ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီ စစ်တမ်းကို ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၆ ရက်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒေသအားလုံးက အသက် ၁၈ နှစ်နဲ့အထက် အရွယ် လူပေါင်း ၂၀၀၀ ရဲ့ သဘောထားကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
မဲဆန္ဒနယ် ၄၀၀ ထဲက ၃၉၆ ခုမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၂၅ ရက်က အတည်ပြုထားပြီး ပါတီ စာရင်းဝင် အမတ်နေရာ ၁၀၀ ကို လာမယ့် သီတင်းပတ်မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
ရွေးကောက်ပွဲ ကျင်းပရာမှာ ကိုင်တွယ်ပုံ မူမမှန်တာတွေ ရှိတယ်ဆိုပြီး ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယ အများဆုံး ရရှိထားတဲ့ ပြည်သူ့ပါတီက ရွေးကောက်ပွဲ ကျင်းပတဲ့ အေဂျင်စီကော်မရှင်ကို ရာဇဝတ်မှု ပုဒ်မနဲ့ တရားစွဲထားတာကြောင့် ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ တရားရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။
Ref:Bangkokpost

