ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၇

တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် PLA ရဲ့ စစ်ဗိုလ်ချုပ် ၅ ဦးကို တရုတ် လွှတ်တော် အမတ်တွေက သူတို့ရဲ့ ဥပဒေပြုရေး လွှတ်တော် အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံတော် ပြည်သူ့လွှတ်တော် NPC အမြဲတမ်း ကော်မတီရဲ့ ဖေဖော်ဝါရီ ၂၆ ရက် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

PLA ကြည်းတပ်ရဲ့ တပ်မှူး ဖြစ်သူ လီကျားမင်နဲ့ PLA ရေတပ် တပ်မှူးဟောင်း ချန်ကျင်းလောင်အပါအဝင် အခတား စစ်တပ် အရာရှိ ၃ ဦးကိ NPC အဖွဲ့ဝင်တွေအဖြစ်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ၃ ဦးကတော့ PLA ရဲ့ ရေတပ်နဲ့ လေတပ်၊ သတင်းအချက်အလက် ထောက်ပံ့ရေးတပ်ရဲ့ လက်ရှိနဲ့ ယခင် ကော်မရှင်နာမင်းကြီးတွေ ဖြစ်တဲ့ ကျင်ရှန်းကျား၊ ယုကျုံဖူနဲ့ လီဝေတို့ ဖြစ်ပါတယ်။

မွန်ဂိုးလီယား ဒေသတွင်း ပါတီ အကြီးအကဲဟောင်း ဆန်ရှောင်ချန်း အပါအဝင် ပြည်နယ် အရာရှိ တချို့နဲ့ တခြား စစ်ဖက်ဆိုင်ရာ အရာရှိ တချို့လည်း ထုတ်ပယ်ခံရကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒုစစ်ဦးစီးချုပ် ကျန်းယူရှား အပါအဝင် ထိပ်တန်း စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေကို လူသိထင်ရှား စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို ရာထူး ထုတ်ပယ်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကျန်းယူရှားကို စည်းကမ်းဥပဒေ ပြင်းပြင်းထန်ထန် ချိုးဖောက်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရုတ်မှာ စည်းကမ်းဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အသုံးအနှုန်းဟာ အကျင့်ပျက် ခြစားမှုကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

တိုက်ခိုက်ရေး အစီအစဉ်တွေကို ကြီးကြပ်ရတဲ့ ရာထူး အကြီးဆုံး အရာရှိ လွီကျန်းလီကိုလည်း စုံစမ်း စစ်ဆေးနေကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက မကြာသေးခင်က ကြေညာပါတယ်။

South China Morning Post သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗိုလ်ချုပ် ၅ ဦးအပြင် ဒုဗိုလ်ချုပ် တစ်ဦးနဲ့ ဗိုလ်မှူးချုပ် သုံးဦးကိုလည်း တရုတ် ထိပ်တန်း လွှတ်တော် အဖွဲ့ဝင် အဖြစ်က ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

မတ်လ ၄ ရက် စတင်မယ့် အကြီးမားဆုံး နှစ်စဉ် နိုင်ငံရေး အစည်းအဝေးတွေအတွက် ကြိုတင် ပြင်ဆင်နေချိန် အခုလို ထုတ်ပယ်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးတွေမှာ စစ်တပ်၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး၊ သံတမန်ရေးတို့ အပါအဝင် တရုတ်ရဲ့ မူဝါဒတွေအတွက် အစီအစဉ်တွေ ချမှတ်သွားမှာ ဖြစ်ပါတယ်။
ရာထူးကြီးကြီး၊ ငယ်ငယ် အဆင့် အားလုံးမှာ အကျင့်ပျက် ခြစားမှု ပပျောက်အောင် လုပ်ဆောင်မယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ကြွေးကြော်ထားပါတယ်။

တရုတ်နိုင်ငံမှာ အကျင့်ပျက် ခြစားမှုဟာ အာဏာရ အလုပ်သမားပါတီအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်ကြောင်းလည်း သူက ပြောဆိုပါတယ်။

သူ့ရဲ့ ကြေညာချက် အပြီးမှာ အကျင့်ပျက်ခြစားမှုနဲ့ ထုတ်ပယ်ခံရတဲ့ ဒါမှမဟုတ် ဖမ်းဆီးခံရတဲ့ ထိပ်တန်း အရာရှိတွေ အများကြီး ရှိခဲ့ပါတယ်။

ဒါဟာ ရှီကျင့်ဖျင်က အကျင့်ပျက်ခြစားမှု ခေါင်းစဉ်နဲ့ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက် ဖြစ်လာသူတွေကို ရှင်းထုတ်ပစ်နေတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.