အစ္စလာမာဘတ် ဖေဖော်ဝါရီ ၂၇
နှစ်နိုင်ငံ နယ်စပ်တလျှောက် ပါကစ္စတန် စစ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် သည်းခံနိုင်မှု ကုန်ဆုံးသွားတာကြောင့် အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့ကို ချေမှုန်းရေး စစ်ပွဲ စတင်ပြီ ဖြစ်ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်က ဖေဖော်ဝါရီ ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။
နယ်စပ်ရှိ ပါကစ္စတန် စစ်တပ်ရဲ့ တည်နေရာတွေကို အာဖဂန်နစ္စတန် တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်က အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်နဲ့ တခြားမြို့တွေကို ပါကစ္စတန်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
အိမ်နီးချင်း အာဖဂန်နစ္စတန်ရှိ တာလီဘန် အာဏာပိုင်တွေအပေါ် သည်းခံနိုင်မှု ကုန်ဆုံးသွားပြီ ဖြစ်ကြောင်းနဲ့ စစ်ပွဲ စတင်ဆင်နွှဲတော့မှာ ဖြစ်ကြောင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အဆစ်က ပြောထားပါတယ်။
တင်းမာမှု အမြင့်မားဆုံး အခြေအနေသို့ ရောက်ရှိနေချိန်မှာ ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘတ်စ် ရှာရစ်ဖ်က ရန်လိုမှု မှန်သမျှကို ချေမှုန်းရေး မိမိတို့နိုင်ငံမှာ စွမ်းဆောင်ရည် အပြည့်အဝ ရှိတယ်လို့ ပြောထားပါတယ်။
လောလောဆယ်မှာ မိမိတို့က တိုက်ပွဲတွေ စတင်ဖော်ဆောင်မှာ မဟုတ်ပေမယ့် တိုက်ခိုက်ခံရရင် လက်တုံ့ပြန်မယ်လို့ တာလီဘန် စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။
အာဖဂန်နစ္စတန် တာလီဘန် အဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း မိမိတို့ စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်က ပြောကြားခဲ့ပြီးနောက် စစ်ပွဲစတင်ပြီ ဖြစ်ကြောင်း ကြေညာတဲ့ အဆင့်အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီအချိန်မှာ အီရန်က ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား ကြားဝင် ဖြေရှင်းပေးမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းထားပါတယ်။
အဲဒီ နှစ်နိုင်ငံအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို အထူး လေးစားကြဖို့နဲ့ နိုင်ငံတကာ ဥပဒေအရ နှစ်နိုင်ငံစလုံးရဲ့ တာဝန်တွေကို အသေအချာ လိုက်နာကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗိုလ်တာ တက်စ်က နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။
ဒီအချိန်မှာ ဆော်ဒီအာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လေ့လာသူတွေကတော့ တာလီဘန်တွေအနေနဲ့ ပါကစ္စတန်နဲ့ သမားရိုးကျစစ်ပွဲ တစ်ခု ဆင်နွှဲလာဖွယ် မရှိဘူးလို့ သုံးသပ်ထားပါတယ်။
အာဖဂန်နစ္စတန် မြို့တွေကို စတင် တိုက်ခိုက်နေချိန်မှာ ပါကစ္စတန် စစ်တပ်ဖက်က တစ်နိုင်ငံလုံး ရပ်တည်ထောက်ခံကြောင်း ဝန်ကြီးချုပ် ရှီဘတ်စ် ရှာရစ်ဖ်က ပြောထားပါတယ်။
Ref:BBC/AlJazeera

