မော်စကို၊ ဖေဖော်ဝါရီ ၂၇

မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး ပိုမိုရင်းနီးလာတဲ့ လက္ခဏာတစ်ခုအနေနဲ့ မြန်မာ နိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူး တစ်ဦး ရွေးချယ် လေ့ကျင့်ပေးရေး ရုရှားက ကူညီပေးမှာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ရုရှား အာကာသ အေဂျင်စီ Roscosmos ခေါင်းဆောင် ဒီမီထရီ ဘာကာနော့ဗ်ရဲ့ အခု သီတင်းပတ် နေပြည်တော် ခရီးစဉ်အတွင်း အခုလိုမျိုး ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဒီမီထရီ ဘာကာနော့ဗ်က မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ အရာရှိနဲ့ လူလိုက်ပါတဲ့ အာကာသ ခရီးစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးလာစေရေး သဘောတူညီမှု တစ်ရပ် လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဘကာနော့ဗ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ Roscosmos က ပြောပါတယ်။

ရုရှားရဲ့ GLONASS ဂြိုဟ်တု သွားလာရေး စနစ်အတွက် မြန်မာက အချက်အလက် စုဆောင်းရေး စခန်း တစ်ခု ထားရှိမှာ ဖြစ်ပြီး ကမ္ဘာမြေအနီး အာကာသထဲရှိ အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို ခြေရာခံ ရှာဖွေရေး သတိပေးစနစ်အတွက် နေရာတစ်နေရာ စီမံပေးသွားမှာ ဖြစ်ကြောင်း Roscosmos က ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့နှစ်က ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံရေး သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးပြီး ရုရှား စွမ်းအင်ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေ ရှာဖွေဖို့ မော်စကိုက မျှော်လင့်နေပါတယ်။

ရုရှားက မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်အားပေး စက်ရုံ တစ်ခု တည်ဆောက်ရေးအတွက်လည်း စာချုပ်ချုပ်ဆိုထားပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာ ရုရှားနဲ့ ဆက်ဆံရေး ထူထောင်ပြီး စစ်ခေါင်းဆောင်တွေက လက်နက်တွေ ဝယ်ယူနေပါတယ်။

စစ်ခေါင်းဆောင်ဟာ ရုရှားဆီက တိုက်လေယာဉ်တွေ ဝယ်ယူရာမှာ မြန်မာနိုင်ငံက ဆင်တွေနဲ့ အလဲအလှယ် လုပ်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာရဲ့ ဝိုင်းပယ်ခံထားရချိန်မှာ မြန်မာ စစ်ခေါင်းဆောင်တွေဟာ ရုရှား၊ ဘီလာရု့ဇ်၊ အီရန်၊ မြောက်ကိုရီးယားတို့နဲ့ ဆက်ဆံနေပြီး လက်နက်နဲ့ ခဲယမ်းမီးကျောက်များ ရရှိဖို့ ကြိုးပမ်းနေပါတယ်။

အဲဒီနိုင်ငံတွေအပြင် စစ်ခေါင်းဆောင်တွေကို အများဆုံး ကူညီပေးနေတာက အိမ်နီးချင်း တရုတ် ဖြစ်ပြီး အပြန်အလှန်အနေနဲ့ တရုတ်အတွက် မြန်မာနိုင်ငံမှာ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်နိုင်စေဖို့ လုပ်ပေးနေရပါတယ်။

Ref: REUTERS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.