ကျိုက်ထို၊ ဩဂုတ် ၂၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခလွန်ကျေးရွာမှာ အခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်းသိုလှောင်ရုံတွေကို စစ်တပ် ဝင်ရောက်စီးနင်းပြီးနောက် ကုန်ပစ္စည်းအများအပြား သိမ်းယူသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က ခလွန်ကျေးရွာမှာရှိတဲ့ ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံတစ်ခုကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် သိန်းပေါင်း နှစ်သောင်းကျော် တန်းဖိုရှိတဲ့ ထိုင်ကုန်ပစ္စည်းတွေကို သိမ်းယူသွားတာပါ။

သြဂုတ် ၂၇ ရက်နေ့ကလည်း ဦးညီမင်းပိုင်တဲ့ ခလွန်ကျေးရွာမှာရှိတဲ့ ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံတစ်ခုကို ထပ်မံဝင်ရောက်စီးနင်းပြီး သိန်းပေါင်း တစ်သောင်းကျော် တန်းဖိုရှိတဲ့ ထိုင်ကုန်ပစ္စည်းတွေကို ထပ်မံသိမ်းယူသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ထိုင်းကုန်ပစ္စည်းတွေမှာ ကားအပိုပစ္စည်းတွေ၊ ဖုန်းနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေအပြင် လျှပ်စစ်၊ လူသုံးကုန်ပစ္စည်းတွေနဲ့အခြေခံစားသောက်ကုန်တွေကအစ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးသွားတဲ့ ထိုင်းကုန်ပစ္စည်းတချို့ဟာ လမ်းမှာပဲ ပျောက်ဆုံးတာတွေ ရှိနေပြီး ကုန်ပစ္စည်းအများစုကိုတော့ ကျိုက်ထိုအခြေစိုက် တပ်ရင်းတွေထံ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ထိုင်းကုန်ပစ္စည်း သိုလှောင်ရုံတွေကို စစ်တပ် ဝင်ရောက်စီးနင်းမှုဟာ သြဂုတ် ၂၆ ရက်နေ့က ပြုလုပ်တဲ့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကြောင့်လို့ ဆိုပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရဟာ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းအကြောင်းပြချက်နဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေဟာ ထိုင်းကုန်ပစ္စည်းတွေကို ဈေးနှုန်းအဆမတန် ပေးပြီး ဝယ်ယူသုံးစွဲနေရပါတယ်။

တဖက်မှာတော့ စစ်တပ်နဲ့ ဌာနဆိုင်ရာအကြီးအကဲတွေဟာ တရားမဝင် ကုန်သွယ်မှုမှာ ကိုယ်တိုင်ပါဝင်နေကြပြီး တရားမဝင် ကုန်သွယ်မှုကနေ လစဉ် သိန်းထောင်နဲ့ချီ ရရှိနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.