တနင်္သာရီ၊ ဩဂုတ် ၂၈

တိုက်ပွဲဖြစ်ပွားမှု လျော့ကျသွားတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးပြီး အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ တစ်လအတွင်း တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးချိန် အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။

သေဆုံးသူတွေထဲမှာ အာဏာသိမ်း စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခဲ့သူ ၅ ဦးရှိပြီး စစ်ကြောင်းနဲ့တိုးချိန် ပစ်သတ်ခံရသူ ၂ ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့သူ ၂ ဦးနဲ့ နောက်တစ်ဦးမှာ ဒရုန်းဗုံးသီး ထိမှန်သေဆုံးခဲ့တယ်လို့ FE 5 Thanintharyi က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ခရီးသည်တင်ကားတွေကို ဖမ်းဆီးခဲ့ပြီး စစ်ရှောင်အရေး ကူညီသူ လူငယ်သုံးဦးရဲ့ ဖမ်းဆီးသတ်ဖြတ်ပြီးနောက် အလောင်းကို ဝဇွမ်းတောကျေးရွာအနီးမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လဒုတိယအပတ်ကလည်း ကုန်းရပ်အင်းကျေးရွာက သက်တော် ၄၀ အရွယ် ဦးဇင်းတစ်ပါးကို လူဝတ်လဲပြီး သတ်ဖြတ်ကာ ကျောင်းဝင်းအတွင်း မြေမြုပ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း တနင်္သာရီတိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.