မော်လမြိုင်၊ ဩဂုတ်၂၈
မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ် ဓါးပြတိုက်ခံရပြီး မီးခံသေတ္တာ ယူဆောင်သွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၂၈ ရက်နေ့ မနက် ၄ နာရီအချိန်လောက်မှာ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ်ကို ကားနှစ်စီးနဲ့ လာတဲ့ လူတစ်စုက ဓါးပြဝင်တိုက်သွားတာပါ။
အဲဒီဓါးပြအုပ်စုဟာ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နေအိမ်ဘေးက ဆောက်လက်စ အဆောက်အဦးကနေ သံဗန်းတံခါး ချိုးဖျက်ပြီး နေအိမ်အတွင်း ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် နေအိမ်မှာရှိနေတဲ့ အမျိုးသမီး သုံးဦးကို လက်ပြန်ကြိုးတုပ်ပြီးနောက် မီးခံသေတ္တာ တစ်လုံး ယူဆောင်သွားပြီး မုဒုံဘက်ခြမ်းကို မောင်းနှင်သွားတယ်လို့ ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။
ဓါးပြတိုက်ခံရတဲ့ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တွေက ရန်ကုန်သို့ သွားရောက်နေကြတာ ဖြစ်ပြီး အိမ်မှာ တူမဖြစ်သူနဲ့ အကူ အမျိုးသမီး နှစ်ဦးသာ ကျန်ရှိခဲ့တာပါ။
မော်လမြိုင်မြို့လယ်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ ဓါးပြတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပြီး စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ လုံခြုံရေးအပေါ် ဝေဖန်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

