ကျိုက်ထို၊ ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်ဖြစ်တဲ့ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအနီးမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းက အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားပေမယ့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ဝင်းကံကျေးရွာအခြေစိုက် စစ်ကော်မရှင်တပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ်ထဲကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲကြောင့် ငှက်ပျောတော၊ ခရွဲကျေးရွာနဲ့ဝင်း ကံကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၉ ရွာက ဒေသခံ ၁၂၀၀၀ ကျော် စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်ရဲသေးပါဘူး။
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အသိပေး ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

