ရေး၊ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းရဲ့ လှည့်ကင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံကနေ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကနေ လှည့်ကင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခုနှစ်ဦးကို ရေးဘီလူးအဖွဲ့က အဲဒီတပ်ရင်းနဲ့ မီတာ ၁၀၀ ခန့်အကွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်လေးဝင်းစိုး အပါအဝင် တပ်သား လေးဦး သေဆုံးပြီး သေနတ် တစ်လက် အပါအဝင် ခဲယမ်းတချို့ကို ရေးဘီလူးအဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ခိုက်မှုပြီးနောက် ခမရ ၅၉၁ တပ်ရင်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နတ်ကြီးချောင်း ဥယျာဉ်ခြံအတွင်းက ခြံလုပ်သား တစ်ဦး သေဆုံးပြီး မိသားစုဝင် လေးဦး မိုင်းအစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်ကတော့ ၂၀၂၆ ခုနှစ်အတွင်း စစ်ကော်မရှင်ဘက်က ဆုံးရှုံးမှုအများကြီး ရှိလာနိုင်တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ပြည်သူတွေနဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း အမှတ် ၅၉၁ ခြေမြန်တပ်ရင်းရဲ့ ကာကင်းဂိတ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ စစ်ကော်မရှင်တပ်က ကျေးရွာတချို့ကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.