သရက်ချောင်း၊ ဖေဖော်ဝါရီ ၂၁

နှစ်ဖက်စစ်ရေး ပြင်းထန်နေတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ် ဝင်းဝနဲ့သဲချောင်းကြီးဒေသမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေတာပါ။

အချိန်တစ်ပတ်ကျော် ကြာမြင့်လာတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

ဗုံးကြဲမှုကြောင့် ကနက်သီရီ၊ မင်းဒပ်၊ သိမ်ကုန်း၊ ချောက်ချောင်း၊ ချောင်းဝပြင်၊ စုံစင်ဖျား၊ ဂုံညှင်းဆိပ်၊ ဝင်းဝကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ထက်မနည်းက ဒေသခံ ၁၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုအတွင်း ဒေသခံ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ် ဆယ်နဲ့ချီ မီးလောင်ပျက်စီးထားပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် မြိတ် – ထားဝယ်လမ်းပိုင်း ပိတ်ထားရပြီး ခရီးသွားကား ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.